address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, May 19, 2014

ပခုက္ကူတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျ၍ လူနေအိမ်များ အရေးပေါ် ပြောင်းရွှေ့

ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ရေအရင်းအမြစ် စီမံခန့်ခွဲရေးများ လုပ်ဆောင်မည်ဟု ဆိုသော ဧရာဝတီမြစ်မှာ ရေမြင့်တက်လာပြီး ရေလမ်းကြောင်း ပြောင်းလဲခြင်းကြောင့် ပခုက္ကူမြို့နယ် ကျွန်းညိုကြီးအုပ်စု
ကြက်တန်းကုန်း ကျေးရွာတွင် မေလ ၁၇ ရက်နေ့က မြစ်ကမ်းပါး ပြိုကျရာ လူနေအိမ်များ အရေးပေါ် ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

မြစ်ကမ်းပါး ရုတ်တရက် ပြိုကျမှုကြောင့် လတ်တလောတွင် နေအိမ် ၁၀ လုံးခန့်ကို အရေးပေါ် ပြောင်းရွှေ့ပေးထားပြီး ဖြစ်သော်လည်း ဆက်လက်၍ ကမ်းပါးပြိုကျမှု ရှိမရှိ သတိထားနေရကြောင်း အဆိုပါကျေးရွာတွင် နေထိုင်သူ ဦးလှမင်းက ပြောဆိုသည်။

“လောလောဆယ် NLD နဲ့ တခြား အဖွဲ့အစည်းတွေက ထမင်းထုပ်နဲ့ သောက်ရေဘူးတွေ လာဝေသွားတယ်။ သက်ဆိုင်ရာက ပံ့ပိုးပေးမှုတွေတော့ နည်းနေသေးတယ်” ဟု ၎င်းကဆိုသည်။

ပြောင်းရွှေ့ထားရသည့် နေအိမ်များကို မြေနေရာ ပြန်လည်ပေးရန်အတွက် အနီးဝန်းကျင်တွင် မြေလွတ်မြေရိုင်း မရှိဘဲ စိုက်ပျိုးမြေသာ ရှိခြင်းကြောင့် ပြန်လည်ဝယ်ယူ ခွဲဝေပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးကျော်ကျော်က ပြောကြားသည်။

ယင်းသို့ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ တိုက်စားခြင်းကြောင့် မြစ်ကမ်းပါးများ ပြိုကျခြင်းကို ကာကွယ်နိုင်ရန်အတွက် မြေထိန်းနံရံများကို လက်ရှိအချိန်တွင် တိုင်းဒေသကြီးအစိုးရ အသုံးစရိတ်ဖြင့် တည်ဆောက်လျက် ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မြို့နယ်ရှိ သိမ်ကုန်းကျေးရွာ၊ မရိုးကုန်းကျေးရွာနှင့် ရှားတော ကျေးရွာတို့တွင်လည်း ယခင်နှစ်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျခဲ့ရာ လူနေအိမ် ၁၂၀ လုံးခန့် ပြောင်းရွှေခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

The Voice

No comments:

Post a Comment