address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 31, 2014

နယ်ခြားစောင့်အရာရှိ ပျောက်ဆုံးမှု စုံစမ်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရ မြန်မာသံအမတ်ကို ဆင့်ခေါ်


ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုကြောင့် ပျောက်ဆုံးသွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦး ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကို မေလ ၂၈ ရက်နေ့က ခေါ်ယူ ပြောဆိုခဲ့ကြောင်းြ
မန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် နှစ်ဦးသည် မိုင်တိုင်အမှတ် ၅၂ အနီးသို့ ချဉ်းကပ်လာစဉ် မြန်မာလုံခြုံရေး ကင်းပုန်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရာ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ကျဆုံးသွားသူမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ အရာရှိတစ်ဦးဖြစ်သူ Mizanur Rahman ဆိုသူ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုကြောင်း၊ ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာနေကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသန်းမျိုးမြင့်ကို ဆင့်ခေါ်ခဲ့သည့်အပြင် မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ယင်းကိစ္စ စုံစမ်းစစ်ဆေးပေးရန် စာပေးပို့ခဲ့သည်။

ပျောက်ဆုံးနေသည့် အရာရှိ သေဆုံးသွားပြီ ဆိုပါက ၎င်းအလောင်းကို ပြန်ပေးရန် တောင်းဆိုထားပြီး မသေသေးပါက ပြန်လွှတ်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

ယင်းအရာရှိနှင့်အတူ ၎င်းကိုင်ဆောင်သည့် သေနတ်၊ ကျည်တောင့် ၁၂၀ ကျော်လည်း ပျောက်ဆုံးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။

ယင်းပြဿနာကြောင့် နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာနေပြီး ဘင်္ဂလားဒေ့ရှ်က နယ်စပ်တွင် လုံခြုံရေးများ တိုးမြှင့်ထားသဖြင့် မြန်မာဘက်ကလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

မိုင်တိုင်အမှတ် ၅၂ တွင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် လက်နက်ကိုင်နှစ်ဦးသည် နယ်စပ်ခြံစည်းရိုးကို တရားမဝင် ချဉ်းကပ်လာပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ကို စတင်ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း နယ်ခြားစောင့် ရဲတပ်ရင်း (၂) မှ ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီးသီဟန်က The Voice သို့ ပြောကြားထားသည်။

မောင်တောခရိုင်ရှိ အဆိုပါမိုင်တိုင် အမှတ် ၅၂ တွင် မေလ ၁၇ ရက်နေ့က ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ (RSO) က ချုံခိုတိုက်ခိုက်ခဲ့သဖြင့် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦး ကျဆုံးခဲ့ပြီး ဒုတိယရဲအုပ် အဆင့်ရှိသူတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့ကလည်း မိုင်တိုင်အမှတ် ၃၈၊ ၃၉ ကြားတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး ကျဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


The Voice

No comments:

Post a Comment