address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, May 25, 2014

ရန်ကုန်မြို့တော်တွင် ယာဉ်တိုက်မှုကြောင့် တစ်ရက် နှစ်ဦးနှုန်း သေဆုံး



မြန်မာနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးနှင့် မော်တော်ယာဉ်စီးရေ အများဆုံး ရှိသော ရန်ကုန်မြို့တော်တွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် နှစ်ဦး သေဆုံးနေပြီး ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိလျက် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလ ၂၂ ရက်နေ့ထိ ယာဉ်မတော်တဆမှု ၁၂၄၈ မှု ဖြစ်ပွားခဲ့ရာတွင် ၂၄၈ ဦး သေဆုံးခဲ့ပြီး ၁၈၈၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။

“ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း နေ့စဉ် မြင့်တက်နေတာကြောင့် ယာဉ်ကြော ရှုပ်ထွေးတဲ့ မီးပွိုင့်နဲ့ လမ်းဆုံတွေမှာ ယာဉ်ထိန်းတပ်ဖွဲ့တွေ ချထားပြီး စည်းကမ်းပျက် ယာဉ်တွေကို နေ့စဉ် ဖမ်းဆီးနေပေမယ့် စည်းကမ်းပျက် ယာဉ်မောင်းတချို့ကြောင့် ယာဉ်တိုက်မှုတွေ နေ့စဉ် ဖြစ်နေရတာ။ ယာဉ်တိုက်မှု လျော့နည်းသွားအောင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နဲ့ ဖမ်းဆီးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ထိရောက်စွာ အရေးယူနိုင်ဖို့ စီစဉ်နေပါတယ်” ဟု အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သော ၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု သုံးထောင်ခန့် ဖြစ်ပွားခဲ့ရာမှ ၅၀၆ ဦး သေဆုံးခဲ့ပြီး ၄၅၀၀ နီးပါးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလ ၂၂ ရက်အထိ ယာဉ်မတော်တဆ ဖြစ်စဉ်များမှ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရမှုများမှာ လစဉ် မြင့်မားလျက် ရှိကြောင်း ယာဉ်တိုက်မှု မှုခင်း မှတ်တမ်းများထံမှ စုံစမ်းသိရှိရသည်။

“ယာဉ်မတော်တဆ ဖြစ်ပွားရာမှာ ခရီးသည်တင် ဟိုင်းလပ်ယာဉ်၊ ဒိုင်နာယာဉ်နဲ့ မော်တော်ဆိုင်ကယ်ကြောင့် လူသေဆုံးမှု ပိုများတာကို စစ်ဆေးတွေ့ရှိရလို့ စည်ပင်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်၊ ဟိုင်းလပ်ယာဉ် မောင်းနှင်ခွင့် ပိတ်ထားတယ်။ ဒိုင်နာယာဉ်ကိုလည်း ပိတ်သိမ်းသွားဖို့ မ.ထ.သ က စီစဉ်ဆောင်ရွက်နေတယ်” ဟု ယင်းတပ်ဖွဲ့ရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ် လူနာဌာနတွင် နေ့စဉ် လာရောက်ကုသသော လူနာ ၅၀ နီးပါးခန့် ရှိပြီး ယာဉ်မတော်တဆ ဖြစ်မှုမှ ထိခိုက်ဒဏ်ရာသူ နေ့စဉ် ၁၀ ဦးနီးပါးခန့် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


The Voice

No comments:

Post a Comment