address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, May 16, 2014

ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးခြင်း ကြံ့ခိုင်ရေးပါတီ ခွင့်မပြုဟုဆို


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များကို ကြားဖြတ် ရွေးကောက်ပွဲနှင့် အခြားရွေးကောက်ပွဲ များတွင် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးခြင်းကို ခွင့်မပြုကြောင်း အဆိုပါ ပါတီထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။


မေလ ၁၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး Sky star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြာခြင်း ဖြစ်သည်။

ပါတီအတွင်း ရွေးကောက်ပွဲကာလ လူထုသို့ မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးကို အကြောင်းပြကာ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဘာသာရေးကို အကြောင်းပြပြီး မလုပ်ဖို့ အခြေခံဥပဒေထဲမှာလည်း တားမြစ်ထားပါတယ်။ ဒါပေမဲ့ သံဃာတော်တွေကို လှူဒါန်းခွင့်နဲ့တော့ မဆိုင်ဘူး၊ စည်းရုံးတာနဲ့ လှူဒါန်းတာနဲ့ မတူဘူး” ဟု ၎င်းကဆိုသည်။




ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ဘာသာသာသနာကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
“ဘာသာရေးကို ခုတုံးမလုပ်ဖို့ ပါတီအတွင်းမှာလည်း မူဝါဒ ရှိပါတယ်။ အဲဒီလိုလုပ်တာကို လက်မခံပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ဘာသာသာသနာဆိုင်ရာ ကိစ္စရပ်များကို အသုံးချပြီး မဲဆွယ်စည်းရုံးခြင်း ပြုလုပ်ပါက ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံရေးပါတီများ အခန်း (၁၀) ပုဒ်မ ၄၀၇ တွင် နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ဖော်ပြပါရှိသည်။

The Voice

No comments:

Post a Comment