address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 31, 2014

နှစ်လကြာ ရပ်နားထားသည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး ဇွန်လတွင် ပြန်စမည်



နှစ်လကျော်ကြာ ရပ်နားထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးကို လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးနိုင်ရေးအတွက် ဇွန်လ ၁ ရက်နေ့တွင် ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲအောင်က The Voice သို့ ပြောကြားသည်။


နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးကို မတ်လ ပထမပတ်အတွင်း နောက်ဆုံးအကြိမ် ပြုလုပ် ခဲ့သော်လည်း နှစ်လကျော်ကြာ ရပ်နားထားခဲ့ပြီးနောက် ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကော်မတီဝင်တွေကို အစည်းအဝေးတက်ဖို့ မေလ ၂၉ ရက်နေ့မှာ အကြောင်းကြားလာပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အစည်းအဝေးကို မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်မည်ဖြစ်ပြီး အကျဉ်းထောင်များအတွင်း ရာဇဝတ်မှုနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်များကို တင်ပြ ဆွေးနွေးမည် ဖြစ်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီထံမှ သိရသည်။

လက်ရှိ အကျဉ်းထောင်များအတွင်း ပြစ်ဒဏ်ကျခံ နေရသူ နိုင်ငံရေး အကျဉ်းသား ၆၁ ဦးရှိပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် အများဆုံးဖြစ်ပြီး တရားရင်ဆိုင်နေရသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၈၀ ကျော် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ထံမှ သိရသည်။

သို့သော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အမိန့်အမှတ် (၁/၂၀၁၄) ဖြင့် နောက်ဆုံးအကြိမ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ပြီး အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား မရှိဟု ကြေညာထားသည်။

ထို့အပြင် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် နိုင်ငံတော် သမ္မတသို့ တိုက်တွန်းသည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့ကြောင်း ကြေညာထားသည်။

ွှThe Voice

No comments:

Post a Comment