address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 22, 2014

( KNDO) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ တပ်ဖွဲ့ဝင်များကို မိုင်းရှင်းလင်းရေး ရက်တိုသင်တန်းပို့ချ




ကရင်ပြည်နယ်ရှိ မြေမြုပ်မိုင်းအန္တရာယ် ရှိနေသေးသောနေရာများတွင် မိုင်းကင်းရှင်းနိုင်ရေးအတွက် ဗြိတိန်အခြေစိုက် No Land mines အဖွဲ့မှ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)
တပ်ဖွဲ့ဝင်အချို့အား ဧပြီလအတွင်းက မိုင်းရှင်းလင်းရေးနှင့် ပညာ ပေးသင်တန်း နှစ်ကြိမ် ပို့ချပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

အဆိုပါသင်တန်းများကို ဧပြီလဆန်းပိုင်းမှစ၍ လကုန်သည်အထိ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ဒူးပလာ ယာခရိုင်ရှိ KNDO ဌာနချုပ်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား ၅ဦးဖြင့် No Landmines အဖွဲ့က ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း KNDO ဦးစီးချုပ် ဗိုလ်မှူးချုပ်နယ်ဒါးမြက ကေအိုင်စီသို့ ပြောသည်။


“သင်တန်းက နှစ်ကြိမ်ပြီးသွားပြီ။ ဒီသင်တန်းဟာ ကျနော်တို့ နယ်စပ်ကလူထုတွေ ပြန်လာတဲ့အခါ လုံခြုံမှုရှိအောင်လို့ပါ။ တချို့ နေရပ်ပြန်လာကြတာ ရှိတယ်။ တောင်ယာတွေခုတ်တယ်။ ကျောင်းတွေဘာတွေ ဆောက်တယ်ပေါ့။ အဲဒါ သူတို့တွေ မိုင်းမထိ အောင် အခုလို စလုပ်တာပါ”ဟု ဗိုလ်မှူးချုပ်နယ်ဒါးမြက ပြောဆိုသည်။

ထို့အပြင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နိုင်ရန်အတွက် No Landmines အဖွဲ့နှင့် KNDO တို့ပူးပေါင်းကာ Karen People Demining Team အဖွဲ့တစ်ခုကို ဧပြီလအတွင်းက ဖွဲ့စည်းပြီးစီးသွားပြီ KNDO ဌာနချုပ် အနီးတ၀ိုက်နေရာများတွင် မိုင်းရှင်းလင်း ရေး စတင် လုပ်ဆောင်နေပြီဖြစ်သလို ဒေသခံ ကရင်လူထုများကိုလည်း မိုင်းရှင်းလင်းရေးသင်တန်း ပြုလုပ်ပေးရန် စီစဉ်ဆောင် ရွက်လျှက်ရှိသည်ဟု ဗိုလ်မှူးချုပ်နယ်ဒါးမြက ဆိုသည်။

ပြုလုပ်ပြီးစီးသွားသည့် သင်တန်းများတွင် မြေမြုပ်မိုင်းရှင်းလင်းရေး ပညာပေးလုပ်ငန်းများအတွက် No Landmines အဖွဲ့မှ မြေ မြုပ်မိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Andy Smith ပါဝင်ပြီး ၎င်းသည် အန်ဂိုလာ၊ ဘော့စ်နီးယား၊ ခရိုအေးရှား၊ လစ်ဗျား၊ ကမ္ဘော ဒီးယားနှင့် သီရိလင်္ကာနိုင်ငံများတွင် မြေမြုပ်မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ် ၆၀ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း နှစ် ဖက် မြေမြုပ်မိုင်းအသုံးပြုမှုများကြောင့် ယခုအချိန်ထိ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရှမ်းပြည်နယ်များနှင့် ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် မြေမြုပ်မိုင်းအန္တရာယ်များ ရှိနေသေးကြောင်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ပြောဆိုနေကြသည်။

၂၀၁၂ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မြေမြုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ အစီရင်ခံစာအရ အဆိုပါနေရာဒေသများရှိ မြို့နယ် ၄၇မြို့နယ်တွင် မြေမြုပ်မိုင်းဒဏ်ကို ခံစားနေရပြီး မြေမြုပ်မိုင်း အန္တရာယ်အရှိဆုံး စာရင်းတွင် မြန်မာနိုင်ငံသည် တတိယအ ဆင့်ရှိကြောင်း သိရသည်။

KIC

No comments:

Post a Comment