address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 17, 2014

''ထိုင်းနိုင်ငံရောက် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် KNUမှ ဆောက်ပေးမည့် အိမ်အလုံး ၁၀၀ အတွက် အစိုးရမှ သိန်း(၅၀၀၀)ထောက်ပံ့''



အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသော မြန်မာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက် နေထိုင်နိုင်ရန် အတွက် ကရင်အမျိုးသား အစည်းအရုံး KNUမှ
တန်ဖိုးနည်း အိမ်အလုံး ၁၀၀ခန့်အား ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ကျပ်ငွေ သိန်း(၅၀၀၀)ထောက်ပံ့ ပေးထားကြောင်း သိရသည်။

ဗိုလ်မှူးကြီး စောမိုးဇက်က “ကျွန်တော်တို့ အနေနဲ့ ဒီအိမ်တွေကို ဒုက္ခသည်တွေကို ရောင်းပေးတာ မဟုတ်ဘူး။ အလကား ပေးသွားမှာပါ၊ အဓိကကတော့ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့ စစ်သား မဟုတ်တဲ့ ကိုယ်အင်္ဂါ ချို့ယွင်းသူ အရပ်သားတွေကို ဦးစားပေး နေရာချထား ပေးဖို့ပါ”ဟု အတည်ပြု ပြောကြားခဲ့သည်။


ယခု တည်ဆောက်နေသော ထိုတန်ဖိုးနည်း အိမ်ရာများတွင် နေထိုင်ခွင့် ရရှိရန်နှင့် အမှန် တကယ် ရသင့်ရထိုက်သူများ ဖြစ်စေဖို့လည်း လိုအပ်သောကြောင့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူမှုရေး အဖွဲ့အစည်း တစ်ခုဖြစ်သော “ကရင်ဒုက္ခသည်များ ရေးရာ ကော်မတီ (KRC) အနေဖြင့် ထိုဒုက္ခသည်များကို စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုကော်မတီမှ စစ်ဆေး ပေးပို့လာသော စာရင်းများ အတိုင်း ကရင် အမျိုးသား အစည်းအရုံး (KNU)မှ လက်ခံ ဆောင်ရွက်ပေးမည်ဟုလည်း ဗိုလ်မှူးကြီး စောမိုးဇက်က ဆက်လက် ပြောကြားခဲ့သည်။

“ကရင်ဒုက္ခသည်များ ရေးရာ ကော်မတီ (KRC)၏ တွဲဖက်အတွင်းရေးမှူး တာဝန်ကို ရယူထားသော နော်ဘလူးမင်းကမူ “အပစ်အခတ် ရပ်ဆဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေမှာ ဘာမှ အာမခံချက် မရှိသေးတော့ ဒီအခြေအနေမှာ KRCအနေနဲ့ လောလောဆယ် ဒုက္ခသည်တွေကို ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိသေးပါဘူး”ဟု ပြောကြားခဲ့သည်။

အဆိုပါ အိမ်ယာများအား ထိုင်းနိုင်ငံ အတွင်းရှိ ဒုက္ခသည် စခန်းများတွင် သွားရောက်ခိုလှုံ့ နေကြရသော မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ၀င်ရောက် နေထိုင်နိုင်ရန် အတွက် ကနဦး ကြိုတင် ပြင်ဆင်မှု အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့မှ ဆောင်ရွက်ပေးမည့် အစီစဉ်များ ဖြစ်ကြောင်းလည်း သိရသည်။

ထိုတန်ဖိုးနည်း အိမ်များကို ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၇) ထိန်းချုပ်ရာ နယ်မြေများ ဖြစ်သော မဲသရီနှင့် မော်ဖိုးကေ ဒေသတို့တွင် ဆောက်လုပ်ပေး သွားမည်ဖြစ်ပြီး ထိုတန်ဖိုးနည်း အိမ်ရာများ အတွက် မြန်မာနိုင်ငံ၊ ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း ကျပ်ငွေ သိန်း (၅၀၀၀) ထောက်ပံ့ပေးထားကြောင်း တပ်မဟာ (၇)၏ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးကြီး စောမိုးဇက်ထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင် ဒုက္ခသည်စခန်း ဖြစ်သော အုန်းဖျန် ဒုက္ခသည် စခန်းတွင် ၁၀ စုနှစ် တစ်ခုကျော် အကြာ နေထိုင်လျက်ရှိသော နော်ဘာလိုမူးကလည်း “ဒီဒုက္ခသည် စခန်းမှာ မနေ ချင်တော့တာကြာပြီ။ ပြန်လည်း ပြန်ရမယ်။ ဟိုဘက်မှာလည်း အိမ် အဆင်သင့် လုပ်ပေးတယ်ဆိုတော့ ဖြစ်နိုင်ရင် ချက်ချင်းကြီး ထပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်မတို့ကို နေရာချပေးတဲ့ နေရာတွေမှာ Save Fire ဘယ်လောက် အာမခံပေးနိုင်မလဲ ဆိုတာကိုလည်း ကျွန်မတို့ဘက်က ထည့်ပြီး စဉ်းစား ရမယ်လေ။ KRCရဲ့ စီစဉ်ပေးတာကိုပဲ စောင့်ကြည့်ရဦးမှာပါ”ဟု ပြောကြားခဲ့သည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာများအား ပေ ၂၀၀x၂၀၀ အကျယ်အ၀န်းရှိသော မြေကွက်များပေါ်တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့များ အပါအ၀င် လက်သမား အယောက် ၅၀ ကျော်ဖြင့် ဧပြီလ ၁ရက်နေ့ ကတည်းက စတင် ဆောက်လုပ်ခဲ့ပြီး မေလ အကုန်ပိုင်းတွင် ပြီးစီး လိမ့်မည်ဟု ဗိုလ်မှူးကြီး စောမိုးဇက်က ခန့်မှန်း ပြောဆိုပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး နှင့်အတူ နှစ်ပေါင်း ၆၀ကျော် ဖြစ်ပွားခဲ့သော ကရင်ပြည်နယ် အတွင်းရှိ ပြည်တွင်း စစ်မီးများကြောင့် လက်ရှိ အချိန်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ(၁၃၀,၀၀၀) ကျော် အထိ ရှိနေကြောင်း “ကရင် ဒုက္ခသည်များ ရေးရာ ကော်မတီ” (KRC)၏ မှတ်တမ်းများက ဖော်ပြထားပါသည်။

Tomorrow

No comments:

Post a Comment