address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 24, 2014

အပစ်ရပ်စာချုပ် (ဒုတိယမူကြမ်း) ကို အစိုးရနှင့် NCCT တို့ ရန်ကုန်ဆွေးနွေးပွဲ၌ အတည်ပြုနိုင်ခဲ့ပြီး ဇွန်တွင် ထပ်မံဆွေးနွေးမည်


အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)
တို့သည် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း ရေးဆွဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲကို မေ ၂၁ ရက်မှ မေ ၂၃ ရက်အထိ ပြုလုပ်ခဲ့ရာ မူကြမ်း (ဒုတိယအဆင့်) ကိုရရှိခဲ့ပြီး အဆိုပါမူကြမ်းအား အချောသပ်ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယခုနှစ်ဇွန်လအတွင်း ပြုလုပ်ရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။

နှစ်ဖက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟုလည်း အစိုးရနှင့် NCCT တို့က ပူးတွဲထုတ်ပြန်ချက်မှတစ်ဆင့် အသိပေးကြေညာခဲ့သည်။

မေ ၂၃ ရက်ကပြုလုပ်သည့် ဆွေးနွေးပွဲအပြီးတွင် အစိုးရကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "အခုဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့အစည်းများမှ တင်သွင်းအဆိုပြုတဲ့ မည်သည့်အချက်ကိုမျှ ပိတ်ပင်တားဆီးခြင်းမရှိဘဲ အချက်တိုင်းကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့မှ ကိုယ်စားလှယ်များက အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပွဲတစ်ခုပြီးဆုံးတဲ့အခါမှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ကာကွယ်ရေးဦးစီးချုပ်တို့ကို ကျွန်တော်တို့ ဆွေးနွေးသည်များကို တိုက်ရိုက်ဆွေးနွေးတင်ပြပြီး ခေါင်းဆောင်များရဲ့ သဘောထားမှတ်ချက်များကို ရယူနေပါတယ်" ဟု ပြောကြားသည်။

NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက "ကျွန်တော်တို့အခု ကျွန်တော်တို့တိုင်းပြည်ရဲ့လိုအပ်မှုအရ ကျွန်တော်တို့တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ အခုထိုင်နေတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းမှု ကျွန်တော်တို့ရဲ့ဆွေးနွေးမှုအပေါ် အများကြီးမူတည်ပါတယ်။ ကျွန်တော်တို့ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုကတစ်ဆင့် ကျွန်တော်တို့နိုင်ငံတော် ခေါင်းဆောင်ကြီးတွေ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ နားလည်မှုတည်ဆောက်ပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ လိုပါတယ်" ဟု ပြောကြားသည်။

"ကျွန်တော်တို့က ဒီဆွေးနွေးပွဲအချိန်ကြာလာခဲ့တယ်။ ပြည်သူလူထုရဲ့ သံသယစိတ်တွေ ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်မှာက ကျွန်တော်တို့အပေါ်မှာ မြင်လာတဲ့အပေါ်မှာ ကျွန်တော်တို့ပြည်သူလူထုကြီးရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ဝိုင်းဝန်းကြိုးပမ်းပြီးတော့ ပြည်သူလူထုကြီးလိုချင်တဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကနေတစ်ဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးကျင်းပကာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုကို ၀ိုင်းဝန်းကြိုးပမ်းပြီး အကောင်အထည်ဖော်ကြပါစို့" ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောကြားသည်။

UPWC ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က "သိပ်မကြာမီ တိုတောင်းတဲ့အချိန်အတွင်းမှာ ကျွန်တော်တို့အားလုံး ဘုံသဘောတူညီမှုတွေကို ဒီထက်ထိ ပိုမိုဖော်ဆောင်နိုင်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတို့ကို ဆောင်ရွက်နိုင်တော့မယ်ဆိုတဲ့ လမ်းစတွေအကုန်လုံးပေါ်နေတာကို ၀မ်းမြောက်ဝမ်းသာစွာနဲ့ တွေ့ရှိရပါတယ်။ ဒီနေ့ဆွေးနွေးတဲ့အချိန်မှာ ကျွန်တော်တို့ Text ထဲမှာပါတဲ့ ကိစ္စရပ်တွေအကြောင်းအရာတွေကို ဆွေးနွေးနေကြရင်းနဲ့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ စာနာနိုင်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့အခြေအနေတွေကိုပိုမိုပြီးတော့ သိမြင်တွေ့လာကြရတာဟာ ကျွန်တော်တို့ အင်မတန်ဝမ်းမြောက်ဖွယ်ရာကောင်းပါတယ်" ဟု ပြောကြားသည်။

NCCT ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက "အခုကကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ဖွဲ့ဆိုတဲ့ပုံစံကနေ တစ်ဖွဲ့တည်းဆိုတဲ့ပုံစံမျိုးနဲ့ ဒီတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို အတူတကွ ဆောင်ရွက်နေကြပါပြီ။ ကြိုးစားနေကြပါပြီ။ လုပ်ဆောင်နေကြပါပြီဆိုတဲ့ အနေအထားကိုလည်း ကျွန်တော်တို့တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်" ဟု ပြောကြားသည်။

တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက "ကျွန်တော်တို့ ဧပြီလမှာ ညှိနှိုင်းခဲ့တဲ့ ကျန်တဲ့အချက်တွေကို ဒီနေ့ဒီအချိန်ဒီအခါမှာ သုံးရက်တိတိ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ ဒုတိယမူကြမ်းကိုလည်း တိုးတက်မှုများစွာနဲ့ အတည်ပြုနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒီမှာကျန်နေတဲ့အချက်တွေအားလုံးကိုလည်း လာမယ့်ဇွန်လထဲမှာပေါ့ ဆွေးနွေးနိုင်ဖို့အတွက်ကိုလည်း အားလုံးသဘောတူထားပြီးလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လာမယ့်ပြုလုပ်မယ့် အစည်းအဝေးမှာ ဒီထက်ပိုအောင်မြင်ပြီးတော့ ဖြစ်နိုင်လို့ရှိရင် တတိယမူကြမ်းမဟုတ်တော့ဘဲနဲ့ နောက်ဆုံးအတည်ပြုနိုင်တဲ့ မူကြမ်းအဖြစ်ရောက်အောင် နှစ်ဖက်အဖွဲ့အစည်းကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါ။ ကျွန်တော်တို့လည်း ပြန်သွားလို့ရှိရင် သက်ဆိုင်ရာအကြီးအကဲများကို တင်ပြပြီးတော့ ကျွန်တော်တို့ရည်မှန်းချက် ရည်ရွယ်ချက်ထားတဲ့အတိုင်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်သလို တစ်ဖက်က တိုင်းရင်းသားကိုယ်စားလှယ်များ အားလုံးကလည်း ဒီကိစ္စလေးကို အမြန်ဆုံးပြီးမြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးပါ"ဟု ပြောကြားသည်။

NCCT ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း "အခုနောက်ဆုံးရရှိတဲ့ မူကြမ်းအခြေအနေကိုကြည့်ရင် ဒီနှုန်းနဲ့ဆိုရင် ကျွန်တော်တို့ဟာ တတိယမူကြမ်းက နောက်ဆုံးမူကြမ်းဖြစ်နိုင်ပါတယ်။
တတိယက နောက်ဆုံးဖြစ်အောင်ကြိုးစားမယ်။ စတုတ္ထမရှိစေရဘူး" ဟု ပြောကြားသည်။

အစိုးရနှင့် NCCT တို့အကြား လက်ရှိဆွေးနွေးမှုပုံစံအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါက ဇွန်လအတွင်းပြုလုပ်မည့် ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသပ်ရေးဆွဲနိုင်ပြီး တပ်မတော်ဘက်မှ အဆိုပြုတင်ပြထားသည့် သြဂုတ် ၁ ရက်မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု နှစ်ဖက်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

Eleven

(မေ ၂၃ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် NCCT တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး))


No comments:

Post a Comment