address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 4, 2014

မြန်မာနိုင်ငံကို EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် သတ်မှတ်

July 4, 2014

မြန်မာနိုင်ငံကို နိုင်ငံတကာ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် EITI ဘုတ်အဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် အတည်ပြု သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေး ရုံးထံမှ သိရသည်။

မက္ကဆီကိုနိုင်ငံတွင် ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့က ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) ထိပ်သီးအစည်းအဝေး အတွင်း ၄၅ နိုင်ငံမြောက် အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ဆုံးဖြတ် အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။


ယင်းသို့ EITI အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာသည့် မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာတ အရင်းအမြစ် လုပ်ငန်းများမှ ရရှိလာသည့် အခွန်၊ ဘဏ္ဍာငွေများကို EITI စံချိန်စံညွှန်းအတိုင်း ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ EITI အစီရင်ခံစာကို ရေးသားပြုစုရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေး ဒုတိယအဖွဲ့ ခေါင်းဆောင် ဦးမင်းဇာနည်က ပြောဆိုသည်။

“အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်ပြီဆိုတာနဲ့ ပထမဆုံး EITI အစီရင်ခံစာကို ၁၈ လအတွင်း ထုတ်ပြန်သွားရမယ်။ နောက်ပြီး စံချိန်မီ နိုင်ငံဖြစ်ဖို့အတွက် EITI စံနှုန်းတွေကို သုံးနှစ်အတွင်း ဖြည့်ဆည်းရမယ်” ဟု ၎င်းကဆိုသည်။
EITI စံချိန်မီ အဖွဲ့ဝင် နိုင်ငံ ၂၃ နိုင်ငံရှိပြီး အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်နေသည့် အဖွဲ့ဝင်လောင်း နိုင်ငံများမှာ ၁၆ နိုင်ငံရှိသည်။

The Voice Weekly

No comments:

Post a Comment