address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 2, 2014

(၈)ကြိမ်မြောက် သြစတြေးလျားကရင်လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

July 2, 2014
(၈)ကြိမ်မြောက် သြစတြေးလျား ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို သြစတြေးလျားနိုင်ငံ နယူးဆော့သ်ဝေးလ်ပြည်နယ် ဆစ်ဒနီမြို့၊ Carrama ရပ်ကွက်ရှိ STARTT ရုံးတွင် ဇွန်လ ၃၀ရက်နေ့က သြစတြေးလျားကရင်အဖွဲ့အစည်းလူငယ်ဌာန (AKO Youth Department)မှ ကြီးမှူးကျင်းပပြီးစီးခဲ့သည်။

သြစတြေးလျားနိုင်ငံတွင် ကရင်လူမျိုးများ၏ နောက်ခံသမိုင်း၊ တော်လှန်ရေးသမိုင်း၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဘာသာစကား၊ စာပေများအပြင် လက်ရှိ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုဖြစ်စဉ်များကို ကရင်လူငယ်များ မျက်ခြေမပြတ် စေရန်နှင့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပရခြင်းဖြစ်ကြောင်း AKO ကရင်လူငယ်ဥက္ကဌ နော်ဂရေ့စ်အယ်လွင်ဦးက ပြောသည်။


နော်ဂရေ့စ်အယ်လွင်ဦးက “လူငယ်မျိုးဆက်သစ်တွေကိုလည်း ပြုစုပျိုးထောင်ရင်း၊ ကိုယ်ကိုယ်တိုင်လည်း ကျင့်ကြံရင်းနဲ့ အနာ ဂတ်ကို ဝိုင်းဝန်းမွမ်းမံကြဖို့ လိုတယ်။ ဒါကြောင့် ကျမတို့ ဒီအခမ်းအနားကို နှစ်စဉ် ကျင်းပလာတာ ဖြစ်တယ်”ဟု ပြောကြားခဲ့ သည်။

ထိုနေ့နံနက်(၉)နာရီခွဲမှ ညနေ(၃)နာရီအထိ ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲသို့ သြစတြေးလျား ကရင်အဖွဲ့အစည်း (AKO)မှ တာ ဝန်ရှိပုဂ္ဂိုလ်များ၊ သြစတြေးလျား ကက်သလစ်ယူနီယံမှ ကိုယ်စားလှယ်များ၊ သြစတြေးလျားတက္ကသိုလ်မှ ကာယနည်းပြများ၊ သြ စတြေးလျား လူမှုအဖွဲ့အစည်းပေါင်းစုံနှင့် ဆက်သွယ်ရေးရဲအရာရှိများ၊ ကချင်လူငယ်များနှင့် ကရင်လူငယ်မောင်မယ်များ စုစု ပေါင်း ၅၀ဦးကျော် တက်ရောက်ခဲ့ကြသည်။

သစတြေးလျားကက်သလစ်ယူနီယံ ကိုယ်စားလှယ်တစ်ဦးက နယ်စပ်ရှိ ကရင်ကျောင်းသူကျောင်းသားများ၏ အခက်အခဲကြားမှ ပညာကို ကြိုးစားသင်ယူနေကြရသည်ကို သိရကြောင်း၊ လူ့အခွင့်အရေးပြည့်ဝသော နိုင်ငံတွင် ပညာသင်ခွင့်ရရှိသည့်အတွက် ကြိုးစားသင်ယူကြရန်လိုအပ်ပြီး နယ်စပ်သို့ အဝေးရောက်သင်တန်းများ ပြန်လည်ပို့ချနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့အပြင် ခေါင်းဆောင်မှုအရည်အသွေးများ မြင့်မားလာစေရန်၊ နိုင်ငံရေး စိတ်ဝင်စားလာစေရန်နှင့် မိမိကိုယ်ကို ယုံကြည်တန်ဖိုး ထားတတ်စေရန်လည်း ၎င်းနှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့သူ စောဆာလောလာက “ဒီညီလာခံမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာတာတွေ့ရတော့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ထက်မြက်တဲ့ ကရင်လူငယ်တွေ များများပေါ်ထွန်းလာဖို့ မျှော်လင့်မိတယ်”ဟုကေအိုင်စီသို့ပြောသည်။

သြစတြေးလျားကရင်လူငယ်စီမီနာကို ပြီးခဲ့သည့် ၂၀၀၆ခုနှစ်မှစ၍ သြစတြေးလျားနိုင်ငံတစ်ဝှမ်းတွင် ပြည်နယ်အလိုက် AKO Youth Department က နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ကေအိုင်စီ

No comments:

Post a Comment