address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 1, 2014

သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် သတ်မှတ်ရန် ပြည်နယ်လွှတ်တော် စီစဉ်

July 1, 2014

စစ်တောင်းမြို့မှ စတင်ပြီး ပေါင်မြို့နယ် မုတ္တမဒေသထိ ရှေးမြို့ဟောင်းများနှင့် ရှေးမြို့ရိုးဟောင်းများ တည်ရှိနေသည့် သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် ပြောင်းလဲသတ်မှတ်ရန် မွန်ပြည်နယ်လွှတ်တော်က ဆောင်ရွက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။
သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်နိုင်ရန် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေးက အတည်ပြုမှု ရရှိပါက အမည်ပြောင်းလဲ သတ်မှတ်နိုင်ရန် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။


ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တူးဖော်ထားသည့် ရှေးဟောင်းမြို့ရိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအုံကုန်းများ တည်ရှိရာ ဘီးလင်းမြို့နယ် ဝင်းကကျေးရွာကို ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်နိုင်ရန် မွန်ပြည်နယ် အစိုးရကလည်း စီမံကိန်း ရေးဆွဲထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

ဘီးလင်းမြို့နယ်ရှိ တိုက်ကလား-ဝင်းကနှင့် တိုက်ကလား-အရပ်သမ ဒေသသည် သုဝဏ္ဏဘူမိ နန်းတော်စိုက်ရာ ဒေသဖြစ်ခဲ့ကြောင်းနှင့် ရှေးဟောင်းဂဝံ ရုပ်တုများနှင့် အုတ်ခွက်ဘုရားများ၊ မြေတွင်း နစ်မြုပ်နေသည့် ရှေးဟောင်း ဘာသာရေး အဆောက်အအုံများသည် ယင်းဒေသကျေးရွာ အနှံ့အပြားတွင် တည်ရှိနေကြောင်း သမိုင်းသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံဝင်းက မှတ်ချက်ပြုသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဝင်းကရှေးမြို့ဟောင်း တူးဖော်မှု ပြုလုပ်စဉ် ရှေးဟောင်းပစ္စည်း ၁၈၄ ခုကို တူးဖော်တွေ့ရှိခဲ့ရာ ပစ္စည်းအများစုသည် အိုးခြမ်းကွဲများ ဖြစ်ကြောင်းနှင့် ယင်းတို့တွင် ထုံးကျောက်ဖြင့် ထုဆစ်ထားသော ထိုင်တော်မူ ဘုရားကြီးတစ်ဆူ၊ မြေမီးဖုတ် ရုပ်ကြွ ထိုင်တော်မူ ဘုရားတစ်ဆူ၊ ဘီလူးခေါင်းပုံ ဂဝံရုပ်ကြွ၊ နရားခေါင်းပုံ မြေမီးဖုတ်ရုပ်ကြွ၊ သီရိဝစ္ဆနှင့် စကြာပုံပါ ငွေဒင်္ဂါးနှစ်ပြား၊ မြေမီးဖုတ် အုတ်ခွက်ဘုရား အကောင်းတစ်ဆူနှင့် အုတ်ခွက်ဘုရား အကျိုးများ၊ ခြသေ့င်္ခေါင်းပုံ မြေမီးဖုတ်ရုပ်ကြွတို့ကိုလည်း တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ညီညီထက်က ပြောဆိုသည်။

ဝင်းကရှေးမြို့ဟောင်းကို သာသနာနှစ် ၂၀၈ (ဘီစီ-၃၃၆) တွင် ရာဇာဇောဇေမင်း (သီရိမဟာ အသောကမင်း) သည် ကေလာသဘုရား (ကျိုက်ကေသရ) စေတီ၏ အနောက်တောင်ထောင့်၊ တောင်စောင်းတစ်ဝက်၊ မြေညီတစ်ဝက်တွင် မြို့တည်ခဲ့ကြောင်း၊ မြို့အလျားမှာ တောင်-မြောက် တာပေါင်း ၇၅၀ (၂၆၂၅ ကိုက်) ၊မြို့အနံ အရှေ့-အနောက် တာ ၅၀၀ (၁၇၅၀ ကိုက်၊) ရှိကြောင်းနှင့် မြို့အမည်မှာ သုဓမ္မဝတီ (သုဝဏ္ဏဘူမိ) ဟု ခေါ်ဆိုကြကြောင်း သထုံရာဇဝင်တွင် ဖော်ပြထားသည်။

ရှေးဟောင်းမြို့များ၊ ရှေးဟောင်းဂူ ဘုရားများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန် လိုအပ်ခြင်းကြောင့် မွန်ယဉ်ကျေးမူ အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမ အထူးအစည်းအဝေး၏ ဒုတိယနေ့တွင် အတည်ပြု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

သထုံခရိုင်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့ ရှိပြီး၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက္ကသာမြို့ဟောင်းနှင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တည်ရှိရာ ရှေးဟောင်းယဉ်ကျေးမူဇုန်၊ ဘီးလင်းမြို့နယ်တွင် ဝင်းကမြို့ဟောင်း၊ ပေါင်မြို့နယ်တွင် မုတ္တမမြို့ဟောင်းများ ရှိသည်။

The Voice 

No comments:

Post a Comment