address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 1, 2014

ဖွဲ့စည်းပုံကြောင့် ငရဲပြည်ဖြစ်နေဟု ဝေဖန်


July 1, 2014

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့်ဖြစ်ပေါ်နေသည့် မမျှတမှုများ၊ ကန့်သတ်ခံထားရမှုများသည် မြန်မာနိုင်ငံကို ငရဲပြည်ကဲ့သို့ ဖြစ်နေစေသည် ဟု ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ဇွန်၃၀ရက်တွင် ဝေဖန်လိုက်သည်။

မကွေးတိုင်း၊ မင်းဘူးမြို့တွင် ကျင်းပ သည့်၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ “လူကို လူချင်း ကျွန်ပြုထားသလိုဖြစ်နေပါတယ်။ မပြင်ခဲ့ရင် မြန်မာပြည်လို့ မသတ်မှတ်ပါနဲ့၊ ငရဲပြည်လို့သာ သတ်မှတ်လိုက်ပါ”ဟု ဦးမင်းကိုနိုင်က ဆိုသည်။

ဖွဲ့စည်းပုံက တပ်မတော်ကို ပေးထားသော အထူးအခွင့်အရေးများ၊ ပြည်သူတို့၏ ရွေးချယ်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ရည်ညွှန်း၍ ၎င်းက ပြောခြင်း ဖြစ်သည်။

ဟောပြောပွဲမကျင်းမီ ၁၂ နာရီခန့်အလိုတွင် စင်မြင့်နှင့် ကိုက်တစ်ရာခန့်သာ ကွာဝေးသည့် ဦးသြဘာခန်းမ ပြိုကျခဲ့သေးသည်။ ပွဲကို ဦးသြဘာခန်းမ၏ အရှေ့ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ မကျီးပင်ရိပ်ရှိ လမ်းမပေါ်တွင် စင်ထိုးကာ ကျင်းပခြင်းဖြစ်ပြီး လူဦးရေ တစ်သောင်းကျော် တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေး လူထုဟောပြောပွဲများ၊ လက်မှတ်ရေးထိုး လှုပ်ရှားမှုများကို ဦးဆောင်စီစဉ်နေကြသည်။ 

လက်ရှိဖွဲ့ စည်းပုံပါ သီးခြားစွာရပ်တည်ခွင့်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ၊ တိုင်း၊ ပြည်နယ်တို့၏ အုပ်ချုပ်မှု၊ ဥပဒေပြုမှု၊ တရားစီရင်မှု အခွင့်အာဏာစသည်တို့ အပါအ၀င် ပုဒ်မအများအပြားသည် ဒီမိုကရေစီစံညွှန်းများနှင့် ညီညွတ်ခြင်းမရှိဟု ၎င်းတို့က ထောက်ပြထားကြသည်။ လှုပ်ရှားမှုများကို ဇူလိုင် ၁၉ရက်(အာဇာနည်နေ့)အထိ ပြုလုပ်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment