address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 3, 2014

ဆဲဗင်းဇူလိုင်အခမ်းအနား ရန်ကုန်နှင့် ပြင်ဦးလွင်တွင် တစ်နိုင်ငံလုံး အနေအထားဖြင့် ကျင်းပမည်

July 3, 2014

ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့တော်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က တစ်နိုင်ငံလုံး အနေအထားဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် မန္တလေးတာဝန်ခံ ဦးရဲရင့်ကျော်က The Voice သို့ ပြောကြားသည်။

“ဒီကျောင်းသားထုနဲ့ဆိုင်တဲ့ အခမ်းအနားကို နှစ်စဉ်ကျင်းပသွားမှာပါ။ အဖွဲ့ချုပ်ကနေပြီး တစ်နိုင်ငံလုံးက ဗကသကျောင်းသားတွေ ပါဝင်နိုင်အောင် ရန်ကုန်မှာ တစ်နေရာ၊ ပြင်ဦးလွင်မှာ တစ်နေရာ ပြုလုပ်သွားမှာပါ။ ဒါမှလည်း သွားလာရေး အခက်အခဲတွေအတွက် အဆင်ပြေသွားမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အခမ်းအနားအနေနှင့် ပြင်ဦးလွင်မြို့၌ ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကာ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) အပါအဝင် မတရား ထုတ်ပြန်ထားသော ကျောင်းစည်းကမ်းများအကြောင်း ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ကျောင်းသား အချင်းချင်း မဆွေးနွေးမီ ပညာရှင်နှစ်ဦး သို့မဟုတ် သုံးဦးက ဦးစွာဟောပြောမည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဇူလိုင် ၇ ရက် အခမ်းအနားကို ယင်းနေ့နံနက် ၉ နာရီတွင် ပြင်ဦးလွင်မြို့၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (အထက်မြန်မာပြည်) အဖွဲ့ဝင်များဖြင့် ကျင်းပမည်ဖြစ်ပြီး ညနေ ၄ နာရီတွင် ရတနာပုံ နည်းပညာ တက္ကသိုလ်အနီး၌ ပိုစတာကမ်ပိန်း ပြုလုပ်သွားရန်လည်း ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ဗကသ အဖွဲ့ချုပ်အနေနှင့် အလားတူတစ်ပြိုင်တည်း ဆဲဗင်းဇူလိုင် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့တော်၌ နံနက် ၁၀ နာရီတွင် ကျင်းပသွားမည် ဖြစ်ပြီး ကျင်းပမည့် နေရာနှင့် အစီအစဉ်ကို အချိန်နီးကပ်မှ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အခမ်းအနားပွဲကို ဗကသရဲဘော်တွေ အမာခံထား ကျင်းပမှာဖြစ်ပေမယ့် ဗကသ မဟုတ်တဲ့ တခြားကျောင်းသား အဖွဲ့အစည်း၊ ကျောင်းသားတွေကို ပိုမို ဖိတ်ကြား တက်ရောက်စေမှာ ဖြစ်ပါတယ်။ ကျောင်းဆရာ။ ဆရာမတွေနဲ့ ကျောင်းသား မိဘတချို့ကိုလည်း ဖိတ်ကြားတက်ရောက်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

၁၉၆၂ ခုနှစ် မတ်လအတွင်း တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခွင့်အရေးများကို ရုပ်သိမ်းလာခဲ့သည်။ ဇူလိုင် ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် ကျောင်းသားသမဂ္ဂ အစည်းအဝေး စတင်ခဲ့ပြီးနောက် ကျောင်းသားများကို ဖိနှိပ်သော စည်းကမ်းများနှင့် တက္ကသိုလ် အက်ဥပဒေ ရုပ်သိမ်းခဲ့သည်များကို ကန့်ကွက်ခဲ့ကြရာ ယင်းနေ့တွင်ပင် ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေး၊ ကိုသက်နှင့် ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားများကိုပါ ရဲတပ်ဖွဲ့က အင်အားသုံး၍ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ယင်းနေ့တွင်ပင် ကျောင်းသားနှင့် ရဲတပ်ဖွဲ့များ ပဋိပက္ခ စတင်ဖြစ်ပွားရာမှ တပ်မတော်ဘက်က အင်အားသုံးပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ သေနတ်ဖြင့် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုများကြောင့် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားများ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

လက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် လက်အောက်တွင် တက္ကသိုလ်ကျောင်းများရှိ ခရိုင် ၂၆ ခရိုင်၌ ကျောင်းသားသမဂ္ဂများ အသီးသီး ဖွဲ့စည်းပြီးဖြစ်ရာ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက်ဆဲ ဖြစ်သည်။


The Voice Weekly

No comments:

Post a Comment