address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 2, 2014

အစ္စလာမ်မစ် နိုင်ငံတော်သို့ မွတ်ဆလင်များ လာရောက်အခြေချကြရန် ISIS တိုက်တွန်း

July 02, 2014
ဆီးရီးယားနှင့် အီရတ် နိုင်ငံများမှ နယ်မြေအများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာထားသည့် ISIS အဖွဲ့၏ ခေါင်းဆောင်က ကမ္ဘာအနှံ့အပြားမှ မွတ်ဆလင်များ မိမိတို့ထံ ပြောင်းရွှေ့လာကြပါရန် တိုက်တွန်းဆော်ဩလိုက်သည်။

အဘူဘာကာ အယ်လ်ဘဂ္ဂဒက်ဒီသည် အစ္စလာမ် ဘာသာဝင် တရားသူကြီးများ၊ ဆရာဝန်များ၊ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို မိမိတို့၏ အစ္စလာမ်မစ် နိုင်ငံတော်က အထူးလိုအပ်နေကြောင်းလည်း ပြောကြားခဲ့သည်။ ISIS ခေါင်းဆောင်သည် အင်တာနက်တွင် ဒုတိယမြောက် အသံဖိုင်တစ်ခုကို လွှင့်တင်ပြီး မွတ်ဆလင်များကို စုစည်းနိုင်ရန် ဆွဲဆောင်လာခြင်း ဖြစ်သည်။ အစောပိုင်းက လွှင့်တင်သော အသံဖိုင်တွင်မူ ISIS က အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာချက် ပါရှိခဲ့သည်။


အီရတ်အစိုးရသည် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ နယ်မြေအများအပြားကို ISIS တို့ထံ လက်လွှတ် ဆုံးရှုံးလိုက်ရပြီးနောက် ဆွန်နီမွတ်ဆလင် စစ်သွေးကြွတို့ အနေဖြင့် ၎င်းတို့၏ အဓိက ရည်မှန်းချက်ဖြစ်သည့် အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ရေးကို ခြေတစ်လှမ်းတိုး အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။ ISIS က မိမိတို့၏ နိုင်ငံတော်သည် ဆီးရီးယားမြောက်ပိုင်း အေလက်ပိုမှ အီရတ်အရှေ့ပိုင်း ဒိုင်ယာလာထိ ကျယ်ပြန့်ကြောင်း ကြေညာထားသည်။

အစ္စလာမ်မစ် စည်းမျဉ်းများဖြင့် စီမံအုပ်ချုပ်မည့် အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ရေးသည် အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အစည်း အတော်များများ၏ အကြီးကျယ်ဆုံး ရည်မှန်းချက်လည်း ဖြစ်သည်။ “အို၊ မွတ်ဆလင် အပေါင်းတို့။ ခင်ဗျားတို့ရဲ့ နိုင်ငံတော်ကို အမြန်ဆုံး လာခဲ့ပါ။ ဟုတ်ပါတယ်။ ဒါဟာ ခင်ဗျားတို့ရဲ့ နိုင်ငံတော်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီးရီးယားဟာ ဆီးရီယန်းတွေအတွက်ချည်း မဟုတ်ဘူး။ အီရတ်ဟာ အီရတ်နိုင်ငံသားတွေ အတွက်ပဲ မဟုတ်ဘူး”ဟု ဘဂ္ဂဒက်ဒီက ဇူလိုင်လ (၁)ရက်နေ့တွင် လွှင့်တင်သော အသံဖိုင် အတွင်း၌ ပြောဆိုထားသည်။

ဘဂ္ဂဒက်ဒီက “နေရာတိုင်းက မွတ်ဆလင် အပေါင်းတို့။ ခင်ဗျားတို့ အားလုံးဟာ Hijrah အခွင့်အရေး (အစ္စလာမ်မစ် နိုင်ငံတော်တွင် အခြေချ နေထိုင်ခွင့်) ရှိပါတယ်။ အစ္စလာမ် နယ်မြေမှာ ပြောင်းရွှေ့ အခြေချခြင်းဟာ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ ဝတ္တရားတစ်ရပ်ပါ”ဟုလည်း တိုက်တွန်းထားသည်။

ISIS ခေါင်းဆောင် ဘဂ္ဂဒက်ဒီကို ကိုယ်ပျောက်ရှိတ်ခ်ဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။ ၎င်း၏ အကြောင်းကို သိရှိသူ အလွန်နည်းပါပြီး အယ်လ်ကေးဒါး ခေါင်းဆောင်များဖြစ်သည့် အိုစမာ ဘင်လာဒင်၊ အေမန်အယ်လ် ဇာဝါဟာရီတို့ကဲ့သို့ ဗီဒီယိုဖြင့် မျက်နှာဖော်ပြမှုမျိုးလည်း ပြုလုပ်လေ့ မရှိကြောင်း သိရှိရသည်။

_Ref: BBC
7 days

No comments:

Post a Comment