address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 4, 2014

အရက်နှင့် နွားနို့ ရောသောက်မည့် ပထမဆုံး Milk Party ရန်ကုန်မြို့တော်တွင် ကျင်းပမည်

July 4, 2014
ရန်ကုန်မြို့တော်တွင် အရက်နှင့် နွားနို့ ရောသောက်မည့် Milk Party ကို အင်းယားလိပ် ဝင်းအတွင်းရှိ GTR II ကလပ်တွင် ဇူလိုင်လ ၄ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီ ၃၀ မိနစ်ထိ ကျင်းပမည် ဖြစ်ကြောင်း Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သမ္မတကြီးက “အရက်အစား နွားနို့သောက်ပါ” လို့ မှာကြားထားပါတယ်၊ လူတွေကို အရက်မသောက်နဲ့လို့ ပြောလို့မှ မရတာ၊ အရက်နဲ့ နွားနို့နဲ့ ရောသောက်ရင် ကျန်းမာရေးအတွက် အထောက်အကူပြုတယ် ဆိုတာ တချို့လူတွေ မသိကြဘူး၊ အဲဒီ မက်ဆေ့လေး ပေးချင်တာလည်း ပါတယ်” ဟု Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


Milk ပါတီအတွက် လက်မှတ်များကို ကြိုတင်ရောင်းချ ပေးလျက်ရှိရာ လူဦးရေ ၄၀၀ ခန့် ကန့်သတ်ထားပြီး ကြိုတင်လက်မှတ် ဝယ်ယူသူများအတွက် တစ်စောင်လျှင် ၆,၅၀၀ ကျပ်ဖြစ်ကြောင်း ပွဲနေ့တွင် လက်မှတ် ဝယ်ယူသူများ အနေနှင့် တစ်စောင်လျှင် ၈,၅၀၀ ကျပ်ဖြင့် ဝယ်ယူရမည် ဖြစ်ကြောင်း၊ လက်မှတ်ငါးစောင်နှင့် Vodka တစ်ပုလင်း ဝယ်ယူသူများအတွက် ၅၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ VIP လက်မှတ်များကို တစ်စောင်ချင်း မရောင်းချဘဲ စားပွဲတစ်ဝိုင်းလျှင် လူ ငါးယောက်၊ Black Label တစ်လုံးအတွက် ၇၅,၀၀၀ ကျပ်နှင့် စားပွဲတစ်ဝိုင်းလျှင် လူခြောက်ယောက်၊ Gold Label တစ်လုံးအတွက် ၉၅,၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း Trigger Entertainment မှ သိရသည်။

“အရက်နဲ့ နွားနို့ ရောသောက်တာ ပထမဆုံး ကြားဖူးတာပဲ၊ ဒါပေမဲ့ Milk ပါတီဆိုတော့ ကောင်းပါတယ်၊ နို့ဆိုတာက လူတွေနဲ့ မစိမ်းဘူးလေ၊ ငယ်ငယ်ကတည်းက မိခင်နို့နဲ့ ရင်းနှီးကြတယ်၊ အရက်အစား နွားနို့သောက်မယ်ဆို ပိုကောင်းတာပေါ့” ဟု Miss Internet ဆုရ နန်းခင်ဇေယျာက ဆိုသည်။

အရက်သည် PH ပမာဏနိမ့်သဖြင့် Acid နှင့် နီးစပ်ကြောင်း၊ နွားနို့တွင် ပရိုတင်းဓာတ် များကြောင်း၊ တစ်ခုချင်းစီ သောက်မည်ဆိုပါက ဝမ်းပျက်နိုင်စေသဖြင့် ရောသောက်မည် ဆိုပါက ဝမ်းပျက်နိုင်ခြေ ပိုများကြောင်း ကျန်းမာရေး ဆောင်းပါးများရေးသူ ဒေါက်တာဆက်ပိုင်လင်းခန့်က ဆိုသည်။

ဘီယာနှင့် နွားနို့ ရောသောက်လျှင် ဝမ်းလျှောနိုင်ခြေ ရှိကြောင်း၊ ယခင်ကာလများထဲက ပင်လယ်ကူး သင်္ဘောသားများ ကျန်းမာရေးအရ သောက်လေ့ရှိကြောင်း၊ အရက်နှင့်နွားနို့ သောက်ပြီး အခန့်မသင့် ရှိခဲ့သည် ရှိသော် Trigger Entertainment အဖွဲ့တွင်ပင် ဆရာဝန်များ ပါရှိကြောင်း၊ သီးသန့်အနေနှင့် ဆရာဝန်များ ထားရှိခြင်း မရှိကြောင်း Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုတော် အစ္စဏီ၊ ASH၊ Double Nyi၊ Tayza MC တို့ ပါဝင် ဆင်နွှဲမည် ဖြစ်ပြီး နွားနို့နှင့် Vodka၊ Whiskey၊ Tequila၊ Kahlua တို့ကို ရောစပ် သောက်သုံးနိုင်ရန် စီစဉ်ထားကာ ငွေကျပ် ၆,၅၀၀ တန် လက်မှတ်တစ်စောင် ဝယ်ယူသူတိုင်းကို Lucky Strike တစ်ဘူးစီ လက်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ Lucky Draw အစီအစဉ်၊ Special Drink အစီအစဉ်နှင့် အခြားလူမသိနိုင်မည့် အစီအစဉ် တစ်ခုလည်း စီစဉ်ထားကြောင်း Trigger Entertainment မှ သိရသည်။

The Voice Weekly

No comments:

Post a Comment