address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 1, 2014

ထိုင်းရောက် အထောက်အထားမဲ့ လုပ်သားများကို နှစ်လ ယာယီအလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေး


July 1, 2014

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားများကို နှစ်လ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဇွန်လ ၃၀ ရက်နေ့မှ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း ယင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ယင်းအစီအစဉ်ကို စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ခြင်းဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကို တစ်ခါတည်း ထုတ်ပေးပြီး ကုန်ကျစရိတ်အဖြစ် ထောရော ၃၈/၁ (ကိုယ်ရေးအကျဉ်း) ထုတ်ရန်အတွက် ဘတ် ၈၀၊ ကျန်းမာရေး စစ်ဆေးခ ဘတ် ၅၀၀၊ ကျန်းမာရေး အာမခံလက်မှတ် သုံးလစာ ၅၀၀ ဘတ်၊ အလုပ်လုပ်ခွင့် လက်မှတ် ၂၂၅ ဘတ် စုစုပေါင်း ၁၃၀၅ ကုန်ကျမည် ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

အသက် ၁၈ နှစ်အောက် ဖြစ်ပါက အလုပ်လုပ်ခွင့် လက်မှတ်အတွက် ပေးစရာမလိုသဖြင့် ဘတ် ၁၀၈၀ သာ ကုန်ကျမည် ဖြစ်သည်။
ထိုင်းအစိုးရက ယခုထုတ်ပေးနေသည့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မှာ နှစ်လသာ သက်တမ်း ရှိသဖြင့် သက်တမ်းရှည် နေထိုင် အလုပ်လုပ်မည် ဆိုပါက နိုင်ငံကူးလက်မှတ်နှင့် တရားဝင် အထောက်အထားများ လုပ်ဆောင်ရန် လိုအပ်ကြောင်း MWRN မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးစိန်ဌေးက ဆိုသည်။

ထိုင်းအစိုးရက တရားမဝင် လုပ်သားများကို အထောက်အထား အပြည့်အစုံ ပြုလုပ်ရန် ယာယီနေထိုင်ခွင့် လုပ်ပေးခြင်း ဖြစ်ပြီး အထောက်အထားမဲ့ မြန်မာလုပ်သားများ အနေနှင့် ယင်းကာလတွင် ထိုင်းရှိ မြန်မာလုပ်သား အထောက်အထား ထုတ်ပေးရေး ရုံးများတွင် တရားဝင် မှတ်ပုံတင်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ပြောကြားသည်။

ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးမှုကို အခြားဒေသများတွင် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရ၏ ပြောဆိုချက်ကို ကိုးကားကာ MWRN မှ ထုတ်ပြန်ထားသည်။

စမွတ်စာခွန် ခရိုင်တွင် မြန်မာလုပ်သား သုံးသိန်းဝန်းကျင် ရှိပြီး ငါးသောင်းဝန်းကျင်မှာ တရားမဝင် လုပ်သားများဖြစ်သည်။ ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ခုနစ်သိန်းဝန်းကျင် ရှိသည်။

The Voice Weekly

No comments:

Post a Comment