address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 10, 2015

ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် အိမ်ရှင်နယူးဇီလန် တစ်အုပ်စုတည်းကျရောက်



10.2.2015

ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် အသင်းများနှင့် အုပ်စု(က)တွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

အုပ်စုမဲခွဲပွဲအခမ်းအနားကို နယူးဇီလန်နိုင်ငံ၊အောက်ကလန်မြို့ရှိ စကိုင်းစီးတီးဟိုတယ်တွင် ဖေဖေါ်ဝါရီ ၁၀ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာယူ-၂၀ အသင်းသည် အိမ်ရှင်နယူးဇီလန်အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ခြင်းဖြစ်သည်။
မဲခွဲပွဲရလဒ်များအရ အုပ်စု(ခ)တွင် အာဂျင်တီးနား၊ပနားမား၊အာဖရိက(၃)၊ သြစတြီးယား၊ အုပ်စု(ဂ)တွင် ကာတာ၊ ကိုလံဘီယာ၊ပေါ်တူဂီ၊ အာဖရိက(၄)၊ အုပ်စု(ဃ)တွင် မက္ကဆီကို၊အာဖရိက(၂)၊ ဥရုဂွေး၊ ဆားဘီးယား၊ အုပ်စု(င)တွင် အာဖရိကချန်ပီယံ၊ဘရာဇီး၊ မြောက်ကိုရီးယား၊ ဟန်ဂေရီ၊ အုပ်စု(စ)တွင် ဂျာမနီ၊ ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ဟွန်ဒူးရပ်စ်အသင်းများ ကျရောက်လျက်ရှိသည်။

ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲကို လာမည့် မေလ ၃၀ ရက်မှ ဇွန်လ ၂၀ ရက်အထိ နယူးဇီလန်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ပြီး အုပ်စုအဆင့်တွင် ပြိုင်ပွဲဝင် ၂၄ သင်းအား လေးသင်းအုပ်စုခြောက်ခု ခွဲခြားကာ ကျင်းပမည်ဖြစ်သည်။ အမှတ်အများဆုံးရရှိသည့် အုပ်စုထိပ်ဆုံးနှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စုတတိယအသင်းလေးသင်း (စုစုပေါင်း ၁၆ သင်း)သည် ရှုံးထွက်အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

မြန်မာယူ-၂၀ အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် မေလ ၃၀ ရက်တွင် အမေရိကန်အသင်းနှင့် စတင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇွန် ၂ ရက်တွင် ယူကရိန်း၊ ဇွန် ၅ ရက်တွင် အိမ်ရှင်နယူးဇီလန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရှိအချိန်အထိ အိမ်ရှင်နယူးဇီလန်အပါအ၀င် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲဝင်ခွင့်ရအသင်း ၂၀ ပေါ်ထွက်ထားပြီးဖြစ်ပြီး အာဖရိကဇုန်မှ ခြေစစ်ပွဲအောင် အသင်းလေးသင်းအနေဖြင့် မတ် ၂၂ ရက်တွင် ပြီးဆုံးမည့် ခြေစစ်ပွဲစဉ်များအပြီးတွင်မှ ထွက်ပေါ်လာမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment