address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 10, 2015

တောင်ငူတွင်ကျင်းပမည့် ကရင်အမျိုးသားနေ့ KNU ဒုဥက္ကဌ တက်ရောက်မည်



10.2.2015

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တောင်ငူခရိုင်တွင် ကျင်းပ မည့် (၆၇) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ဒုဥက္ကဌပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

တောင်ငူခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ ဒေသတွင် ယခုလ (၁၁) ရက်နေ၌့ကျင်းပမည့် ကရင်အမျိုးသားနေ့အခမ်း အနားသို့ ဒုဥက္ကဌနှင့်အတူ ပဒိုစောသမိန်ထွန်း ပဒိုဒေါလေမူနှင့်ပဒိုစောလှထွန်း တို့ ဦးဆောင်တက်ရောက်ကြမည်ဖြစ်သည်။

ကရင်အမျိုးသားများသည့် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ဒေသအသီးသီးရှိ ကရင်အမျိုးသားများက ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကရင်လူထုဆန္ဒပြပွဲတရပ်ကိုကျင်းပခဲ့ကြပြီး ကြွေးကြော်သံ ၄ ချက်ကိုကိုင်စွဲကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။

အဆိုပါကြွေးကြော်သံ ၄ ချက်မှာ - ၁ - ကရင်ပြည်ချက်ချင်းပေး (လွပ်လပ်ရေး) - ၂ - ကရင်တကျပ်ဗမာတကျပ်ချက်ချင်းပြ (တန်းတူရေးနှင့်ဒီမိုကရေစီရေး) - ၃ - လူမျိုးရေးအဓိကရုဏ်း အလိုမရှိ (လူမျိုးစုံချစ်ကြည်ရေး) - ၄ - ပြည်တွင်း စစ် အလို မရှိ (ငြိမ်းချမ်းရေး) ဟူ၍ဖြစ်သည်။

အဆိုပါနေ့သည် ကရင်အမျိုးသားများကို နိုင်ငံရေးအသိနှင့်မျိုးချစ်ပြည်ချစ် စိတ်ဓာတ်ကိုမွေးထုတ်ပြသသည့်နေ့ဖြစ်ခြင်း - ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသသည့်နေ့ဖြစ်ခြင်း - ကရင်အမျိုးသားများ၏ ဇာတိသွေးဇာတိမာန်ကို ရဲရဲတောက်ထုတ်ဖော်ပြသသည့်နေ့ဖြစ်ခြင်း - နိုင်ငံရေးလက်ဦးမှုကို ကရင်အမျိုးသားများ ရယူသည့်နေ့ဖြစ်ခြင်း - ကရင်ကိုကမ္ဘာက ပိုမိုလက်ခံသည့်နေ့ ဖြစ်ခြင်းတို့ကြောင့် ဖာပွန်မြို့တွင် ကျင်းပခဲ့သည့် ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ဖေဖော်ဝါရီလ
(၁၁) ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် တက်ရောက်လာကြသည့် ကွန်ဂရက်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်သဖြင့် ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ကရင့်တော်လှန်ရေးသမိုင်းတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားများက အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်အခွင့် အရေး ရရှိရေးတောင်ဆိုမှုများသည် ထိုကာလက အာဏာရ ဖဆပလအစိုးရက အရေးဆိုသောကရင်အမျိုးသားများမှာလက်တဆုပ်စာသာဖြစ်ပြီး အင်္ဂလိပ် နယ်ချဲ့များက အားပေးအားမြှောက်သည့် အင်္ဂလိပ်ကျွန်ဖြစ်လိုသည့် ကရင် များသာဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သောကြောင့် ကရင်လူထုဆန္ဒပြပွဲ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် KNU ခေါင်းဆောင်ကြီးတဦးက ကရင်အမျိုးသား(မီဒီယာ)ကို ပြောသည်။

တောင်ငူခရိုင်တွင်ကျင်းပမည့် (၆၇)နှစ်မြောက် ကရင်အမျိုးသားနေ့ကို အမျိုးသား ရေးအနှစ်သာရ အပြည့်အ၀ဖြင့် ကျင်းပမည်ဖြစ်သောကြောင့် တောင်ငူအပါအ၀င် ပဲခူးတိုင်းအတွင်းရှိ ကရင်လူငယ်မောင်မယ်များ အများစု တက်ရောက်ကြမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ မှ တပ်မှူးတဦးက ဆိုသည်။

(၆၇) နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကရင်အမျိုးသားအစည်းအရုံးလက် အောက်ခံ ခရိုင်နှင့်တပ်မဟာ ၇ ခုအပါအ၀င် နိုင်ငံတကာရောက်ရှိနေကြသည့် ကရင်အမျိုးသားများကလည်း ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment