address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 6, 2015

ပြည်ထောင်စုနေ့ မတိုင်မီ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံမည်


6.2.2015

ယခုလအတွင်း ကျရောက်မည့် (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ မတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ယင်းတွေ့ဆုံမှုကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က ဆိုသည်။

“နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က သဘောတူလိုက်ပါတယ်။ ပြည်ထောင်စုနေ့ မတိုင်ခင်မှာ တွေ့ဆုံဆွေးနွေးမှာပါ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သည့် တိုင်အောင် အပြုသဘောဆောင်တဲ့ ကြေညာချက် ထုတ်ပြန်နိုင်ဖို့ကို ဆွေးနွေးမယ့် သဘောပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖိတ်ကြားထားကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ တွေ့ဆုံပွဲတွင် ယင်းသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အများစုက လက်ခံခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာထံမှ သိရှိရသည်။

ယင်းဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲပြီးနောက် ကြားကာလ အစီအစဉ်များနှင့် စပ်လျဉ်းသော ကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ကိစ္စရပ်များကို NCCT က ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့က တောင်းဆိုထားသော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးနှင့် ပတ်သက်သည့် ကိစ္စများကိုမူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ ရောက်မှသာ ဆက်လက် ဆွေးနွေးသွားရန် အစိုးရက ပြောဆိုခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရအကြား၌ ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မူလက သဘောတူထားသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်အချို့ ညှိနှိုင်းရန် ကျန်ရှိနေသဖြင့် ကြန့်ကြာဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment