address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 16, 2014

ကမ်းရိုးတန်းဒေသများ လေပြင်းအန္တရာယ် ကျရောက်နိုင်ဟုဆို




16.12.2014

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ဒီဇင်ဘာလ တတိယပတ်အတွင်း အရှေ့ဘက်ခြမ်းမှ တိုက်ခတ်လာသည့် လေပြင်းအန္တရာယ် ကျရောက်နိုင်ခြင်းကြောင့် ငါးဖမ်းရေယာဉ်များ သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ယင်းရက်ပိုင်းအတွင်း လေပြင်းများ ရုတ်တရက်တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ခြင်းကြောင့် ငါးဖမ်းရေယာဉ်များနှင့် ကျားဖောင်ရေ လုပ်သားများ သတိပြုရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ကျားဖောင်တွေ မျောပါတာ ရှိခဲ့တော့ ရေလုပ်သားတွေ အနေနဲ့ ရာသီဥတု အခြေအနေကို အမြဲတမ်းနားစွင့်ပြီး သတိထားဖို့တော့ လိုပါတယ်” ဟု ဦးကျော်မိုးဦးက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များနှင့်အတူ လေပြင်းပါ ပါလာခြင်းကြောင့် ယင်းတိမ်တိုက်ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်ခတ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း၊ တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် နောက်နှစ်ရက်အတွင်း အရှေ့လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၅ ပေအထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားထားသည်။

ထို့ပြင် တရုတ်ပြည်သူသမ္မတနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားများ ရပ်ဝန်း (China High) အားကောင်းနေခြင်းကြောင့် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အတွင်း အရှေ့မြောက် ဆောင်းမုတ်သုံလေ ပိုမိုအားကောင်းကာ ဒေသအချို့တွင် ညအပူချိန်များ ကျဆင်းပြီး အအေးပိုနိုင်သည့် အပြင် ကပ္ပလီပင်လယ်ပြင်နှင့် တောင်တရုတ်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“China High အားကောင်းရင် ပြန်အေးမယ်၊ အားလျော့ရင်တော့ ညအပူချိန်တွေ တိုးပြီး အအေးလျော့မယ်။ အခု China High အားကောင်းပြီး မွန်-ကရင်အထိ ထိုးနေတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ရာသီဥတု ပြန်အေးနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment