address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 23, 2014

မြဝတီနှင့် ချိတ်ဆက်မည့် မဲဆောက်နယ်စပ် အထူးစီးပွားရေးဇုန်ကို အလျင်အမြန်လုပ်ဆောင်ရန် စီစဉ်




23.12.2014

မြန်မာနိုင်ငံရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ချိတ်ဆက်မည့် မဲဆောက်နယ်စပ် အထူးစီးပွားရေးဇုန်ကို အလျင်အမြန် လုပ်ဆောင်သွားမည်ဟု ထိုင်းတာဝန်ရှိသူ၏ ပြောကြားချက်ကို ထိုင်းအမျိုးသား သတင်းဗျူရိုက ဒီဇင်ဘာ ၂၂ ရက်က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်သွားနိုင်ရေးအတွက် မဲဆောက်နယ်စပ် အထူးစီးပွားရေးဇုန်ကို အလျင်အမြန် စတင်သွားမည်ဖြစ်သည်။

ထိုင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ အပီရာဒီ တန်ထရာပွန်သည် တက်ခရိုင် မဲဆောက်မြို့သို့ ဒီဇင်ဘာ ၁၉ ရက်က သွားရောက်ခဲ့ပြီး ဒေသတွင်းအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့် နယ်စပ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၎င်းက ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီအထူးစီးပွားရေးဇုန် အရေးနှင့် ပတ်သက်၍ မြန်မာတာဝန်ရှိသူများနှင့် မကြာမီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး မဲဆောက်-မြဝတီ-ကော့ကရိတ်တို့ကို ဆက်သွယ်မည့်လမ်း ဖောက်လုပ်ရေး လုပ်ငန်းကိစ္စကိုလည်း ညှိနှိုင်းမည်ဖြစ်သည်။

ယင်းလမ်းဖောက်လုပ်မှုကို လာမည့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရန်မျှော်မှန်းထားပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးကို တိုးတက်စေမည်ဖြစ်သည်။ မြန်မာ-ထိုင်း ကုန်သွယ်မှုသည် လက်ရှိ ဘတ် ၆၀ ဘီလီယံ (ကျပ် ဘီလီယံ ၁,၈၉၀ ခန့်) ရှိရာမှ လာမည့် ၂၀၁၅ တွင် ဘတ် ဘီလီယံ ၁၀၀(ကျပ် ဘီလီယံ ၃,၁၅၀) ကျော်ရန် မျှော်မှန်းထားသည်။

ထိုင်းကုန်သည်ကြီးများ အသင်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ နီယွန် ဝေဃာဝပ်ချာပန်နစ် ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာများ အလွန်အားရဖွယ်ကောင်းကြောင်း အောက်တိုဘာလက မဲဆောက်ကုန်သည် ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထိုင်းအစိုးရနှင့် ကုန်သည်များသည် မြန်မာနယ်စပ်အနီးတွင် စီးပွားရေးဇုန် တည်ထောင်ရန် စိတ်အားထက်သန်လျက်ရှိပြီး မဲဆောက် ခရိုင်သည် ပစ်မှတ်ဧရိယာ တစ်ခု ဖြစ်သည်။

ထိုင်း-မြန်မာ ဒုတိယ ချစ်ကြည်ရေးတံတား ဆောက်လုပ်မည်ဖြစ်ပြီး မြ၀တီ-ကော့ကရိတ်သို့ တိုက်ရိုက်ရောက်မည့် အမြန်လမ်းမ ကို လေလမ်းသွားအဖြစ် ချဲ့ထွင်မည်ဖြစ်သည်။

လာမည့် နှစ်နှစ်အတွင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ပြီးစီးလျှင် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့မှု စရိတ်စကသည် ယခုကုန်ကျနေသည့် ပမာဏ၏ ထက်ဝက်ခန့် လျော့ကျသွားမည်ဟု ထိုင်းဘက်က မျှော်လင့်ထားသည်။

Mizzima

No comments:

Post a Comment