address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 4, 2014

သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့်ရေအားလျှပ်စစ်ဆည်စီမံကိန်းခြောက်ခုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးရန် အရေးကြီးအဆို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တင်မည်



4.12.2014

သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်ဆည်စီမံကိန်းခြောက်ခုနှင့်ပတ်သက်၍ အစိုးရ အနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးရန် အရေးကြီးအဆိုကိုတင်သွင်းသွားမည်ဟု ကရင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေဟွာကပြောကြားသည်။


လက်ရှိအချိန်တွင် အစိုးရအနေဖြင့် ပြည်ပနိုင်ငံများနှင့်ပူးပေါင်းကာ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ဆည်စီမံကိန်းခြောက်ခုဝန်းကျင်အား တည်ဆောက်ရန်ရှိကြောင်း သိရသည်။

ဒေါ်နန်းစေဟွာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ခဲ့ရကြောင်း၊ ထိုအခါ ထိုင်းနိုင်ငံမှ လေ့လာမှုပြုလုပ်ထားသည့် မြန်မာနိုင်ငံနယ်နိမိတ်ထဲရှိ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ နှင့်သက်ဆိုင်သည့် ကောင်းကျိုး ဆိုးကျိုးများကို သိရှိခွင့်ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးထက် ဆိုးကျိုးများသာအများစုဖြစ်ပေါ်လာနိုင်သည်ကို သိရှိခဲ့ရကြောင်း ပြောကြားသည်။

"လက်ရှိမြန်မာနိုင်ငံဘက်မှာရှိတဲ့ သံလွင်မြစ်အောက်ပိုင်းမှာ ရေအားလျှပ်စစ်ဆည်စီမံကိန်း ခြောက်ခုဝန်း ကျင်ရှိ မယ်။ ဒါရဲ့နောက်ဆက်တွဲဖြစ်စဉ်တွေက တရုတ်နဲ့ထိုင်းမှာလည်းသက်ရောက်နိုင်ပေမယ့် မြန်မာနိုင်ငံက ထိခိုက်မှုအများဆုံးဖြစ်နိုင်တယ်။ ထိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် တွေရဲ့ ပြောကြားချက်အရဆိုရင် သူတို့နိုင်ငံမှာလည်း လွန်ခဲ့တဲ့နှစ် ၅၀ လောက်က ဘူမိဘောဆည် ဆိုပြီးဆောက်ခဲ့တယ်။ 

အဲဒီဆည်နဲ့ ထိုင်းနိုင်ငံဘန်ကောက်ကို မီးပေးဖို့လုပ်ခဲ့ကြပေမယ့် တကယ်တမ်းမပေးနိုင်ခဲ့ဘူး။ ဒါ့အပြင် ဒီဆည်ကြောင့် ဆိုးကျိုးတွေဖြစ်လာတာကို သူတို့ရဲ့တင်ပြချက်အရသိရှိခဲ့ရတယ်။ မြန်မာနိုင်ငံမှာဆိုရင် လည်း သံလွင်မြစ်တစ်လျှောက်မှာရှိတဲ့ဆည်တွေကြောင့် သံလွင်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးစု ၁၀ ကျော် ပျောက်ကွယ်သွားနိုင်တယ်လို့ သူတို့ခန့်မှန်းကြတယ်။ အခုကျွန်မတို့ ကရင်ပြည်နယ်မှာလုပ်မယ့် ဟတ်ကြီးဆည်စီမံကိန်းကြောင့် တိုင်းရင်းသားပြည်သူတွေ ထိုင်းဘက်ကို ထွက်ပြေး နေကြရတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက ဟတ်ကြီးဆည်လုံခြုံရေးကိုအကြောင်းပြပြီး တပ်စွဲလာကြတာကြောင့် ပြည်သူတွေရှောင်းတိမ်းခဲ့ကြရတယ်လို့သိရပါတယ်။ ဆည်တည်ဆောက်ခြင်း အားဖြင့် မြစ်အောက်ပိုင်းရေမစီးနိုင်ရင် သံလွင်မြစ်ကောလာမယ်။ နောက်ပိုင်း ရေငန်တွေတက်လာပြီး မြစ်ကြောင်းတစ်လျှောက်ရှိတဲ့ပြည်နယ်တွေဖြစ်တဲ့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်က စပါးစိုက်ခင်းတွေကို ရေငန်တွေဝင်လာမယ်။ အဲဒီတိုင်းတွေမှာ စပါးမျိုးပေါင်း ၁၀၀ ကျော်ရှိတာတွေသေ ကုန်မယ်။ သစ်တောတွေပျက်စီးမယ်။ အဲဒီအတွက် ရာသီဥတုတွေပုံမှန်မဟုတ်တာတွေဖြစ်လာမယ်။ ပြည်နယ်အတွက် အကျိုးသိပ်မရှိဘူး" ဟု ဒေါ်နန်းစေဟွာကဆိုသည်။

ဆက်လက်၍၎င်းက "အခုလုပ်မယ့်စီမံကိန်းတွေကိုကြည့်လိုက်တော့ တရုတ်ရယ်၊ ထိုင်းရယ်၊ မြန်မာက ကုမ္ပဏီရယ် ပေါင်းလုပ်ကြမှာများတယ်။ မြန်မာကပါတယ်ဆိုပေမယ့် နည်းနည်းပဲလို့သိရတယ်။ အဲဒါကြောင့် ဒီဆည်တွေကနေ လျှပ်စစ်ထုတ်နိုင်ရင်လည်း နိုင်ငံခြားကုမ္ပဏီတွေကရောင်းတာကို ပြန်ဝယ်သုံး ရမယ့် အခြေအနေရှိတယ်။ ကျွန်မတို့တိုင်းရင်းသားတွေအတွက် အကျိုးသိပ်မရှိနိုင်ဘူး။ ဒီအတွက် သံလွင်မြစ် ပေါ်မှာတည်ဆောက်မယ့် ရေအားလျှပ်စစ်ဆည်စီမံကိန်းတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ပြန်လည် စဉ်းစားသုံးသပ်ပေးဖို့ အဆိုတင်သွင်းဖို့ရှိတယ်။ ဒီစီမံကိန်းတွေကြောင့် တိုင်းပြည်ကို ဘာတွေထိခိုက်နိုင် မယ်ဆိုတာကို အထောက်အထားတွေနဲ့တင်ပြဖို့ရှိတယ်။ လာမယ့်လွှတ်တော်မှာ အရေးကြီးအဆိုတင် သွင်း သွားဖို့ရှိတယ်" ဟုပြောကြားသည်။

လာမည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်း ပြန်လည် စတင်မည်ဖြစ်ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment