address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 4, 2014

ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းအား တရားဝင်ချထားပေးခြင်းမရှိသေးဘဲ အကြိုလေ့လာဆန်းစစ်ဆဲအဆင့်သာဖြစ်ကြောင်း MIC ပြောကြား


4.12.2014

မြန်မာနိုင်ငံမှ IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းထုတ်လုပ် ခွင့်ရရှိထား သည့် မဂ္ဂါဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိသည့် ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းအား MIC မှ တရားဝင်ချထားပေးခြင်းမရှိသေးကြောင်းနှင့် အကြိုလေ့လာဆန်းစစ်ဆဲအဆင့်သာဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကပြောကြားခဲ့သည်။


"ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို MIC ကတရားဝင်ပေးထားတာမရှိသေးပါ ဘူး။ MIC ကိုတင်တာလည်းမရှိသေးပါဘူး။ လေ့လာဆဲအဆင့်ပဲရှိဦးမယ်လို့ထင် ပါတယ်" ဟု ဦးအောင်နိုင်ဦးကပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာကြောင်း၊ ယင်းနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံရှိနေပြီး ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်း တစ်ခုတည်း ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၄ ဒသမ ၃ ဘီလျံရှိကြောင်းသိရသည်။ အဆိုပါ ၄ ဒသမ ၃ ဘီလျံအား ထည့်သွင်းတွက်ချက်ခြင်းမရှိပါက ကဏ္ဍပေါင်းစုံ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု သန်း ၃၀၀ သာရှိခဲ့ကြောင်း၊ ထို့အတူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၁ ဒသမ ၄၁၉ ဘီလျံရှိသည့်အတွက် ယခင်နှစ်ထက် ငါးဆနီးပါးတက်ခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၄ ဒသမ ၁၀၇ ဘီလျံရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် သုံးဆထပ်တက်ခဲ့ကြောင်းနှင့် လက်ရှိဘဏ္ဍာနှစ်တွင် အောက်တိုဘာလကုန်အထိ ခုနစ်လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၄ ဒသမ ၁၉၇ ဘီလျံသို့ရောက်ရှိခဲ့ကြောင်း၊ MIC မှရရှိသော ကိန်းဂဏန်းများအရသိရသည်။

ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရာ၌ အချို့သောစီမံကိန်းများ သည် MIC ကိုမဖြတ်ဘဲ လုပ်ဆောင်နေသော စီမံကိန်းများဖြစ်ပြီး အချို့လုပ် ငန်းများသာ MIC ခွင့်ပြုချက်ရယူကြကြောင်း၊ MIC ခွင့်ပြုချက်မရသော ရင်းနှီးမြှုပ် နှံမှုများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ကဲ့သို့ အကျိုးခံစားခွင့်များရရှိ မည်မဟုတ်သော်လည်း များသောအားဖြင့် သဘာဝသယံဇာတအရင်းအမြစ် များပေါ်တွင် ရင်းနှီးမြှုပ်နှံကြသောမြှုပ်နှံမှုများသည် MIC ကို ဖြတ်လေ့မရှိ ကြောင်း သိရသည်။

"၂၀၁၁ခုနှစ်မတိုင်ခင်မှာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေတော်တော်များများက သဘာဝသယံဇာတအရင်းအမြစ်ပေါ်မှာတည်ပြီး လုပ်တာများပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်ကစပြီး သဘာဝသယံဇာတ ဘက်မှာလျော့လာပြီး ထုတ်လုပ်မှုအပိုင်းတွေမှာတက်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် စက်မှုလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတက်လာပါတယ်" ဟု ဦးအောင်နိုင်ဦးကဆိုသည်။

IGE ကုမ္ပဏီသည် ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းအပြင် တရုတ်ကုမ္ပဏီ များနှင့်ပူးပေါင်းလုပ်ဆောင်ခွင့်ရရှိထားသည့် စီမံကိန်းရှစ်ခုဝန်းကျင်ရှိကြောင်း၊ ယင်းတို့အထဲတွင် စက်တပ်ဆင်အားအကြီးမားဆုံးဖြစ်သည့် မဂ္ဂါဝပ် ၇၀၀၀ အထက်ရှိသော အထက်သံလွင် (မိုင်းတုံ) စီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ အထိရှိ သည့် နောင်ဖစီမံကိန်းကဲ့သို့ စီမံကိန်းများလည်းပါဝင်ကြောင်း၊  အဆိုပါမိုင်း တုံရေအား လျှပ်စစ်စီမံကိန်းမှာမူ IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့၏ သံလွင်မြစ် ပေါ်တွင်အကောင်အထည်ဖော်မည့် ဒုတိယမြောက်ရေ အား လျှပ်စစ်စီမံကိန်းဖြစ်ကြောင်း သိရသည်။

ပထမစီမံကိန်းမှာ အထက်သံလွင်(ကွမ်းလုံ)ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး  အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Ltd တို့ကပူးပေါင်းတည်ဆောက်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် မေလအတွင်း သဘောတူစာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည်။

အထက်သံလွင်(မိုင်းတုံ)ရေအားလျှပ်စစ်စီမံကိန်းကိုမူ ပြည်တွင်း IGE ကုမ္ပဏီနှင့် China Three Gorges Corporation တို့အားလုပ်ကိုင်ခွင့်ပေးထားပြီး China Three Gorges  Corporation သည် တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးစားရေအားလျှပ်စစ်ဆည်ဖြစ်သည့် Three Gorges Dam တည်ဆောက်ရေးတို့အတွက် တာဝန်ရှိသောကုမ္ပဏီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လိုအပ်နေသောလျှပ်စစ်စွမ်းအားပမာဏအား ဖြည့်ဆည်းရန်အတွက် သဘာဝဓာတ်ငွေ့အပြင် ရေအားလျှပ်စစ်စီမံကိန်းနှင့် ကျောက်မီးသွေးစက်ရုံများတည်ဆောက်ရန် ပြင်ဆင်နေမှုနှင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြသော်လည်း မြန်မာနိုင်ငံအနေဖြင့် ရေအားလျှပ်စစ်ကို Base Load အနေဖြင့် သုံးရန်မသင့်တော်ကြောင်းနှင့် မဂ္ဂါဝပ် ၂၀၀၀ အထက် အကြီးစားရေအားလျှပ်စစ်စီမံကိန်းများမှာလည်း တိုင်းပြည်အတွက်မသင့်တော်ကြောင်း ပညာရှင်များကသုံးသပ်ကြသည်။    

Eleven Media Group

No comments:

Post a Comment