address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 25, 2014

အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နိုင်ငံတော်ပြိုလဲနိုင်ကြောင်း ထိုင်းစစ်ဘက်အကြီးအကဲ ပြောဆို




25.2.2014

ထိုင်းနိုင်ငံတွင် မကြာသေးမီရက်များမှစတင်၍ ဖြစ်ပွားလျက်ရှိသည့် နိုင်ငံရေးအကြမ်းဖက်မှုများကို ပြန်လည် တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နိုင်စွမ်းမရှိပါက နိုင်ငံတော် ပြိုလဲနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားဖွယ် ရှိကြောင်း ထိုင်းစစ်တပ်အကြီးအကဲက ယမန်နေ့က သတိပေးပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုဆိုးဝါးလာခဲ့ပြီး၊ မကြာသေးမီရက်များက ဖြစ်ပွားသော နိုင်ငံရေးအဓိကရုဏ်းအတွင်း ကလေးငယ်သုံးဦး သေဆုံးခဲ့ရသည်။

လေးလကြာ ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုအတွင်း ပြည်သူ ၂၁ ဦး သေဆုံးခဲ့ပြီး၊ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများအနေဖြင့် ၀န်ကြီးချုပ် ယင်လတ်ရှင်နာဝတ် ပြုတ်ကျရေးကို လိုလားလျက်ရှိပြီး၊ ၀န်ကြီးချုပ်သည် ၎င်း၏ အစ်ကိုဖြစ်သူ အကျင့်ပြတ်ခြစားမှုဖြင့် ထောင်ဒဏ်ကျခံမှုကို ရှောင်ရှားနေသည့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ လွှမ်းမိုးခြယ်လှယ်မှုကို ခံနေရကြောင်း ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘန်ကောက်မြို့၏ လူစည်ကားရာနေရာတွင် အမည်မသိသော တိုက်ခိုက်သူများက M79 လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အသက် ၄ နှစ်နှင့် ၆ နှစ်အရွယ်ရှိ ကလေးငယ် ၂ ဦးအပါအ၀င် အသက် ၅၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်ခန့်ကလည်း ဘန်ကောက်မြို့တွင် ဆန္ဒပြသူများနှင့်ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲအရာရှိတစ်ဦး သေနတ်မှန် သေဆုံးခဲ့ပြီး၊ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င် ငါးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက် ပြောဆိုသည်။

တိုက်ခိုက်သူများသည် ဘန်ကောက်မြို့ကို အဓိကပစ်မှတ်ထားကာ လုပ်ဆောင်နေလျက်ရှိကြောင်းလည်း သိရသည်။ သက်ဆင်အား ထောက်ခံသူများက ဆန္ဒပြသူများသည် တပ်မတော်မှ အာဏာထပ်မံသိမ်းယူနိုင်ရေး လှုံ့ဆော်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှစတင်ပြီး တပ်မတော်မှ ၁၈ ကြိမ်တိုင်တိုင် အာဏာသိမ်းယူခဲ့ကြောင်းလည်း သိရသည်။

တိုက်ခိုက်မှုများသည် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ သေဆုံးခဲ့မှုကို မိမိအနေဖြင့် ၀မ်းနည်းမိပါကြောင်း၊ တိုက်ခိုက်မှုများကိုလည်း ပြစ်တင်ရှုံချပါကြောင်း ၀န်ကြီးချုပ် ယင်လတ်ရှင်နာဝတ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားကြောင်းလည်း သိရသည်။

ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ကလည်း ဆန္ဒပြသူများအနေဖြင့် ကလေးငယ်များအား ဆန္ဒပြမှုတွင် မပါရှိအောင် လုပ်ဆောင်ကြစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment