address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 18, 2014

ညှိနှိုင်း ဖြေရှင်းခြင်း မရှိပါက သန်းခေါင်စာရင်းကြောင့် ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟုဆို




18.2.2014

အငြင်းပွားမှုများကို တိုင်းရင်းသားများနှင့် တွေ့ဆုံကာ ညှိနှိုင်း ဖြေရှင်းခြင်း မရှိဘဲ သန်းခေါင်စာရင်း ကောက်ယူပါက ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောကြားသည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်း ၃၀ ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် ဦးထွန်းလင်း ခြံလမ်းရှိ Community Response Group အဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ပကတိ အခြေအနေနှင့် မကိုက်ညီသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စာရင်းကို အခြေခံကာ ကောက်ယူရန် လုပ်ဆောင်မှုသည် စုစည်းနေသည့် တိုင်းရင်းသား မျိုးနွယ်စုများကြား စိတ်ဝမ်း ကွဲပြားအောင် လုပ်ဆောင်ရာ ရောက်ပြီး သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ တိုင်းရင်းသားများ အကြား စိုးရိမ်မှုများ ရှိနေကြောင်း ၂၀၁၄ သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီမှ ညှိနှိုင်းရေးမှူး ဆလိုင်း အိုက်ဇက်ခင်က ပြောကြားသည်။

လက်ရှိ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားကြောင့် တင်းမာမှုများ ဖြစ်ပွားနေချိန်တွင် ကချင် မျိုးနွယ်စု အချင်းချင်း စိတ်ဝမ်း ကွဲပြားအောင် ထပ်လုပ်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုက်ရိုက် ထိခိုက်မည် ဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် ကချင် တိုင်းရင်းသား အားလုံးကို သန်းခေါင်စာရင်းတွင် ထည့်သွင်း ကောက်ယူနိုင်ခြင်း မရှိ၍ တိုင်းရင်းသားဦးရေ လျော့နည်းနေပါက ကချင် တိုင်းရင်းသာများ ကျေနပ်မည် မဟုတ်ကြောင်း ဒေါ်ခွန်ဂျာက ဆိုသည်။

“အချို့ မျိုးနွယ်စုတွေ ပျောက်ကွယ် သွားမယ်ဆိုလို့ ရှိရင် သူတို့လည်း စိတ်ကျေနပ်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

သန်းခေါင်စာရင်း ကောက်ရန် လူမျိုးအတွက် အသုံးပြုသည့် သင်္ကေတ (Code) သတ်မှတ်ရာတွင် လူမျိုး သတ်မှတ်ချက် မှားယွင်းမှု၊ လွဲချော်နေမှု၊ မျိုးနွယ်စု အမည်များ ဖောင်းပွနေမှု၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသန္တရ အခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြမှု၊ မျိုးနွယ်စု နှစ်ခုကို တစ်ခုတည်း အဖြစ် သတ်မှတ်ထားမှု၊ မျိုးနွယ်စုများ ကျန်ရစ်ခဲ့မှု စသည့် ပြဿနာများကို ဖြေရှင်းပြီးမှသာ သန်းခေါင်စာရင်း ကောက်ယူရန် တိုင်းရင်းသား အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ဗဟို သန်းခေါင်စာရင်း ကော်မရှင်အနေနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း အလျင်အမြန် တွေ့ဆုံ ညှိနှိုင်းရန်နှင့် တိုင်းရင်းသားများ၏ စိုးရိမ်မှုကို ဖြေရှင်းပြီးမှသာ သန်းခေါင်စာရင်း ကောက်ရန် အပါအဝင် တောင်းဆိုချက် လေးချက် ပါဝင်သည့် ကြေညာချက်ကို ချင်း၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်း တိုင်းရင်းသား အဖွဲ့အစည်း ၃၀ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြသည်။

“ချင်းကို မျိုးနွယ်စု ၅၃ မျိုး သတ်မှတ်ပြီး ကောက်တာတောင် ကျန်ခဲ့တာတွေ ရှိတယ်။ ထပ်နေတာတွေ ရှိတယ်။ အမည် မှားနေတာတွေ ရှိတယ်” ဟု ဆလိုင်း အိုက်ဇက်ခင်က ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စရပ်များကို အမြတ်ထုတ်ရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ နိုင်ငံတော် လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကောက်ယူခြင်း ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment