address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 28, 2014

ပဋိပက္ခဖြစ်ပွားရာဒေသများ၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းနေဆဲဖြစ်


28.2.2014

ပဋိပက္ခဖြစ်ပွားရာဒေသများ၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိင်းနေဆဲဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ် ခိုင်ခိုင်စိုးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်အနေဖြင့် သန်းခေါင်စာရင်း စတင်ကောက်ယူချိန်တွင် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်များ ရရှိမည်ဟု မျှော်လင့်ထားသော်လည်း အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာအပစ်အခတ် ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးပွဲရက်ကိုပင် သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

မတ် ၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှု စတင်သည့် အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။

ဒေါ်ခိုင်ခိုင်စိုးက “မတ် ၃ဝ ရက်မှာ တစ်နိုင်ငံလုံးနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ကောက်ပါမယ်။ သင်တန်းပေးတဲ့အချိန်ကလည်း အားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်းပါ။ အားလုံးညိနှိုင်းပြီးပါပြီ။ တိုင်းရင်းသားအဖွဲ့အစည်းတွေရော အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းတွေ အကုန်ဖိတ်ထားပါတယ်။ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ စာရင်းကောက်ဖို့ဆိုတာ ညှိနှိုင်းဆဲပါ”ဟု ပြောကြားသည်။

“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တာဝန်ယူပေးနိုင် တဲ့နေရာအားလုံးကို ကျွန်မတို့ ကောက်သွားပါမယ်။ ကျွန်မတို့ဘက်က လူလွှတ်လို့ အဆင်မပြေဘူးဆိုရင် သူတို့ဘက်က တာဝန်ယူပြီးတော့ စာရင်းစစ် စာရင်းကောက်ကို တာဝန်ယူပြီးတော့ ကောက်ပေးမယ် ဆိုရင်လည်း ကျွန်မတို့ဘက်က လက်ခံပြီးညှိနှိုင်းပြီး ဆောင်ရွက်သွားပါမယ်။ ကျွန်မတို့ဘက်က သင်တန်းတွေပေးပါမယ်။ လိုအပ်တဲ့ ထောက်ပံ့မှုတွေပေး ပြီး ကောက်ယူသွားမှာ ဖြစ်ပါတယ်။ နေရာအားလုံး တစ်နိုင်ငံလုံး ကို ကောက်ယူသွားမှာပါ” ဟု ဒေါ်ခိုင်ခိုင်စိုးက ဆက်လက်ပြောကြားသည်။

ပဋိပက္ခဖြစ်ပွားသည့် နေရာများ၌ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်လို့မရသော နေရာများရှိခဲ့ပါက သန်းခေါင်စာရင်းကို နိုင်ငံ၏ ရာခိုင်နှုန်းမည်မျှကို ကောက် ယူနိုင်ကြောင်း၊ နိုင်ငံလူဦးရေ၏ ဘယ်လောက် ရာခိုင်နှုန်းကို စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်ဆိုသည့် အချက်အလက်များကို တရားဝင်ကြေညာမှု ပြုလုပ်ပေးသွားမည်ဖြစ်ကြာင်း သိရသည်။

လက်ရှိအချိန်တွင် ကြိုတင်သန်းခေါင်စာရင်း ကောက်ယူရန် မိုင်းလားဒေသခံများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာရင်းစစ်၊ စာရင်းကောက်သင်တန်းပေးခြင်းများ ဆောင်ရွက်နေသကဲ့သို့ ဝ ဒေသမှတာဝန်ရှိသူများနှင့် သတ်မှတ်ကာလအတွင်း စာရင်းကောက်ယူနိုင်ရေး ညှိနှိုင်းပြီးဖြစ်သည် ဟု ဒေါ်ခိုင်ခိုင်စိုး က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment