21.2.2014
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ လုပ်သားများထံမှ
အိမ်ပြန်စရိတ်အဖြစ် ဘတ်တစ်ထောင် ကောက်ယူမည့် အစီအစဉ်ကို ဖျက်သိမ်းပေးရန်
အတွက် ထိုင်းအစိုးရကို ညှိနှိုင်းပေးရန် အဆိုပါနိုင်ငံ အခြေစိုက်
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်က မြန်မာအစိုးရကို ဖေဖော်ဝါရီလ ၂၀
ရက်နေ့တွင် တောင်းဆိုလိုက်သည်။
ယင်းအပြင် ဗီဇာ သက်တမ်းကုန်
လုပ်သားများကို နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးခြင်း မလုပ်ဘဲ ယာယီနိုင်ငံကူး
လက်မှတ်ကိုသာ သက်တမ်း တိုးပေးရန်၊ ဗီဇာ သက်တမ်းတိုးရန် ရုံးများကို
နယ်စပ်တွင် သာမက ထိုင်းနိုင်ငံ အတွင်းတွင် ဖွင့်ပေးရန်၊ ဗီဇာ သက်တမ်းကုန်
လုပ်သားများကို ဒဏ်ကြေး မရိုက်ရန်၊ ဗီဇာ သက်တမ်း တိုးရာတွင် အလုပ်ရှင်၊
လုပ်သားကိုယ်တိုင် ပြုလုပ်နိုင်သည့် စနစ်ဖြင့် လုပ်ရန်နှင့်
ကြာမြင့်ချိန်များကို သတင်းထုတ်ပြန်ရန် အဆိုပါ ကွန်ရက်က အရေးပေါ်
ထုတ်ပြန်ချက်ကို ထုတ်ပြန်သည်။
အိမ်အကူနှင့် အခြေခံ
လုပ်သားများထံမှ အိမ်ပြန်စရိတ် ဘတ်တစ်ထောင်ကို လာမည့် မတ်လ ၁ ရက်နေ့မှ စတင်
ကောက်ယူမည် ဖြစ်ရာ ယင်းအစီအစဉ်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံက
လုပ်သားများ ပေးဆောင်ရမည် ဖြစ်သည်။ ယင်းအစီအစဉ်တွင် ကျွမ်းကျင်လုပ်သား
မပါဝင်သဖြင့် အမေရိကန်၊ ဥရောပ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများက
လုပ်သားများ ပါဝင်ခြင်း မရှိပေ။
“အလုပ်သမားဆိုတဲ့ ခေါင်းစဉ်အောက်က
လုပ်တာ မဟုတ်ဘဲ ဒီလိုမျိုး လုပ်တာက ခွဲခြား ဆက်ဆံတာပဲ” ဟု ရွှေ့ပြောင်း
အလုပ်သမား အခွင့်အရေး ကွန်ရက်မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောကြားသည်။
အလုပ်လုပ်ခွင့် သက်တမ်း ကုန်ဆုံးသော်လည်း နေရပ်မပြန်ဘဲ တရားမဝင် ဆက်လက်
နေထိုင်သည့် ပြဿနာကို ဖြေရှင်းရန် ယင်းအစီအစဉ်ကို ထိုင်းအစိုးရက
လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အလုပ် လုပ်ခွင့် သက်တမ်းကုန်၍ နေရပ်ပြန်ပါက
ဘတ်တစ်ထောင်ကို ပြန်ထုတ်နိုင်သော်လည်း ဘာသာစကား အားနည်းမှု၊ လုပ်ထုံး
လုပ်နည်း ရှုပ်ထွေးမှု ရှိသဖြင့် မြန်မာ လုပ်သားများအတွက် အဆင်မပြေကြောင်း
၎င်းကဆိုသည်။
ယာယီနိုင်ငံကူး လက်မှတ်အစား နိုင်ငံကူးလက်မှတ်
ပြောင်းလဲ ထုတ်ပေးခြင်းသည် လုပ်သားများအတွက် လူမှုဖူလုံရေး အာမခံ၊
အသက်အာမခံ၊ ယာဉ်ပိုင်ဆိုင်မှု၊ ဘဏ်စာရင်း ကိစ္စတို့တွင် ရှုပ်ထွေးမှု
ရှိနိုင်ပြီး နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် နိုင်ငံသား စိစစ်ရေးကတ်၊
အိမ်ထောင်စု စာရင်းများ မရှိသဖြင့် အခက်အခဲ ဖြစ်စေနိုင်ကြောင်း အဆိုပါ
ကွန်ရက်က ထုတ်ပြန်သည်။
ယာယီနိုင်ငံကူး လုပ်စဉ်က နိုင်ငံသား
စိစစ်ပြီး ဖြစ်သော်လည်း ဗီဇာ သက်တမ်း တိုးရာတွင် ထပ်မံ စိစစ်မည် ဖြစ်၍
အချိန်နှင့် ငွေကြေး ဆုံးရှုံးမည် ဖြစ်ပြီး လုပ်ငန်းစဉ်များမှာလည်း
လုပ်သားသစ် ခေါ်ယူသည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ တရားမဝင် မြန်မာများကို
ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးစဉ်က အလုပ်ရှင်၊ လုပ်သား လုပ်ဆောင်၍
မရသဖြင့် ပွဲစားများကိုသာ အသုံးပြုခဲ့ရာ ဘတ် ၁၀၅၀ သာ ကုန်ကျရမည့်အစား ဘတ်
၅၅၀၀ မှ ၈၅၀၀ ထိ ခေါင်းပုံဖြတ် ခံခဲ့ရကြောင်း ဦးစိန်းဌေးက ဆိုသည်။
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ် ကုန်ဆုံးသည့် မြန်မာ တစ်သိန်း
ဝန်းကျင်ခန့် ရှိနေရာ ယင်းလုပ်သားများမှာ ဖမ်းဆီး ငွေညှစ်မှု၊
အလုပ်ထုတ်ခံရမှု၊ ဗီဇာ သက်တမ်း တိုးမည်ဟုဆိုကာ ငွေကြေး လိမ်လည်မှုများကို
ခံနေရကြောင်း ၎င်းကဆိုသည်။
အိမ်ပြန်စရိတ် မကောက်ရန်၊ ဗီဇာသက်တမ်း
တိုးရေးနှင့် မြန်မာလုပ်သားများ အရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစိုးရ
ညှိနှိုင်းရန် စီစဉ်နေသော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေအရ
တွေ့ဆုံညှိနှိုင်းမည့် အချိန်ကာလကို အတိအကျ ပြောဆို၍ မရသေးကြောင်း အလုပ်သမား
ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က
ပြောကြားသည်။
ထိုင်း၏ မူဝါဒအရ လေးနှစ် အလုပ် လုပ်ကိုင်ပြီးသည့်
ရွှေ့ပြောင်း လုပ်သားများသည် မူရင်းနိုင်ငံသို့ သုံးနှစ် ပြန်ပြီးမှာ
ထိုင်းနိုင်ငံသို့ ထပ်မံလာရောက် လုပ်ကိုင်ခွင့် ရှိပြီး ယင်းကိစ္စနှင့်
ပတ်သက်၍ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ ၂၀၁၃ ခုနှစ် စက်တင် ဘာလ ၅
ရက်နေ့က ဆွေးနွေးခဲ့ရာ သုံးနှစ် နေရပ်ပြန်ရေး အစီအစဉ်ကို ဖြေလျှော့ခဲ့သည့်
အပြင် ဗီဇာသက်တမ်း တိုးရန် ထိုင်း- မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင်
ရုံးငါးရုံး ဖွင့်လှစ်ရန်ပါ သဘောတူခဲ့ကြသော်လည်း ထိုင်းနိုင်ငံရေး
အရှုပ်အထွေးများကြောင့် အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်း ဝန်းကျင် ရှိသည်။
The Voice Weekly
No comments:
Post a Comment