address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 28, 2014

လူမျိုးသတ်မှတ်ချက် သန်းခေါင်စာရင်း ကောက်ပြီးမှ ဖြေရှင်းရန် အစိုးရနှင့် တိုင်းရင်းသားများ သဘောတူ



28.2.2014

တိုင်းရင်းသားလူမျိုး သတ်မှတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ဖြေရှင်းရန် အစိုးရနှင့် တိုင်းရင်းသားများကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ တိုင်းရင်းသားများနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ UNFPA (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့) ကိုယ်စားလှယ်တို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်ရှိ Mount Pleasant ဟိုတယ်တွင် တွေ့ဆုံ ဆွေးနွေးစဉ် ယင်းသို့ သဘောတူညီခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ရန် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံ၍ သင်္ကေတ (Code) သတ်မှတ်သဖြင့် လူမျိုး သတ်မှတ်ချက် မှားယွင်းမှု၊ လွဲချော်နေမှု၊ မျိုးနွယ်စု အမည်များ ဖောင်းပွနေမှု၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသန္တရ အခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြမှု၊ မျိုးနွယ်စု နှစ်ခုကို တစ်ခုတည်း သတ်မှတ်မှု၊ မျိုးနွယ်စုများ ကျန်ရစ်ခဲ့မှု စသည့် ပြဿနာများ ဖြစ်ပွားနေ၍ ယင်းကိစ္စများကို ဖြေရှင်းပြီးမှသာ သန်းခေါင်စာရင်း ကောက်ရန် တိုင်းရင်းသား အဖွဲ့အစည်း ၃၀ က တောင်းဆိုထားကြသည်။

လူမျိုး ၁၃၅ မျိုးကို အခြေခံကာ လုပ်ဆောင်မှုမှာ မှားယွင်း နေသည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဝန်ခံ ခဲ့သော်လည်း အဆိုပါ ပြဿနာများကို ဖြေရှင်းရန် အခက်အခဲ များစွာရှိကြောင်း ဝန်ကြီးက ရှင်းပြသဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ဖြေရှင်းရန် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ခွန်ဂျာက ဆိုသည်။

“ထွက်လာတဲ့ ရလဒ်ကို သက်ဆိုင်ရာ တိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်တွေ တွေ့ဆုံပြီး ဖြေရှင်းမယ်။ ပြီးတော့ လွှတ်တော်ထဲက တိုင်းရင်းသားရေးရာ ကော်မတီကို တင်ပြမယ်။ အဲဒါကို Cabinet အတည်ပြု ပေးရမယ်” ဟု ဦးခင်ရီ၏ ပြောဆိုချက်ကို ၎င်းက ပြန်လည် ပြောကြားသည်။

ယခု အစိုးရ လက်ထက်တွင် အဆိုပါ ပြဿနာများကို မဖြေရှင်းနိုင်ပါက နောက်တာဝန်ယူမည့် အစိုးရသစ် လက်ထက်တွင် ဆက်လက် ဖြေရှင်းနိုင်ရန် တရားဝင် စာထုတ်ပြန် သွားမည်ဟု ဦးခင်ရီက ကတိပေးခဲ့ကြောင်း ဒေါ်ခွန်ဂျာက ဆိုသည်။

Code ရရှိထားသူများ၏ အချက်အလက်များကို စက်အသုံးပြုကာ အချက်အလက် ပြုစုမည် ဖြစ်သဖြင့် ၎င်းတို့၏ လူဦးရေ စာရင်းများကို မြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း၊ သို့သော်လည်း Code သီးခြား မရရှိ ထားသူများသည် အခြားဆိုသည့် Code တွင် လူမျိုး အမည်များကို လက်ရေးဖြင့် ဖြည့်စွက်ရမည် ဖြစ်၍ စာရင်းထုတ်ပြန်မှု ကြန့်ကြာမည် ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူပြီးပါက တိုင်းရင်းသားလူမျိုး အငြင်းပွားမှုများကို တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ဖြေရှင်းမည် ဖြစ်သဖြင့် လက်ရှိ သတ်မှတ်ထားသည့် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ အပြောင်းအလဲ ရှိလာနိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment