address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 18, 2014

နော်ဝေးနိုင်ငံ ကရင်လူမှုအဖွဲ့အစည်းများကို KPP သွားရောက်တွေ့ဆုံမည်




18.2.2014

ကရင်ပြည်သူ့ပါတီ(KPP)၏ ပါတီလူငယ်ဥက္ကဌ စောဝင်းကျော်က ပထမဆုံးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် နော်ဝေး နိုင်ငံသို့ သွားရောက်ရန်ရှိပြီး ခရီးစဉ်အတွင်း နော်ဝေးနိုင်ငံ အခြေစိုက် ကရင်လူ့အဖွဲ့အစည်း(CBO)များနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။

၎င်းခရီးစဉ်တွင် နော်ဝေးနိုင်ငံရှိ ကရင်များနှင့်တွေ့ဆုံသည့်အခါ ကရင်ပြည်သူ့ပါတီ၏ လုပ်ငန်းလမ်းစဉ်များနှင့်ပတ်သက်ပြီး ချပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း KPP လူငယ်ဥက္ကဌ စောဝင်းကျော်က ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။

“ကျနော့်အနေနဲ့ ကရင်ပြည်သူ့ပါတီရဲ့ လမ်းစဉ်တွေ၊ လူငယ်လမ်းစဉ်တွေကို ချပြသွားဖို့ရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံအတွင်း က ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ကိုယ့်ကရင်တိုင်းရင်းသားတွေ ပိုမိုသိရှိအောင် မျှဝေပေးချင်တဲ့အနေနဲ့ သွားရောက်ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းအပြင် အဝေးရောက်ကရင်လူမျိုးများ စည်းလုံးညီညွှတ်ရေး၊ လူငယ်များ၏ အနာဂတ်သာယာရေး စသည့်အကြောင်းအရာ များကို အဓိကထားကာ အပြန်အလှန် ချပြဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

အဆိုပါခရီးစဉ်ကို အချိန်အားဖြင့် ရက်သတ္တနှစ်ပတ်ခန့်ကြာ သွားရောက်မည်ဖြစ်ပြီး နော်ဝေးနိုင်ငံ ကရင်လူမှုအဖွဲ့အစည်းများနှင့် သာမက အခြေအနေပေးပါက ဆွီဒင်၊ နယ်သာလန် စသည့်နိုင်ငံများရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံရန်ရှိကြောင်း သိရသည်။

KPP ၏ နော်ဝေးနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ နော်ဝေးရှိ ကရင်လူငယ်တစ်ဦးဖြစ်သူ စောနယ်လ်စင်က“ အခုထိတော့ ကြိုတင် ကြားသိထားရတာ မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ်ဒီကို လာရောက်တာ ကောင်းပါတယ်။ ကရင်ပြည်သူ့ပါတီကို ကြားပဲကြားဖူး တယ်။ အခုလို လာရောက်တော့ ကရင်အဖွဲ့အစည်းအချင်းချင်း ပိုပြီးတော့ ရင်းနှီးခွင့်ရတယ်။ တစ်ဖက်နဲ့တစ်ဖက်လည်း အပြန် အလှန် သိရှိခွင့်ရတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်သူ့ပါတီသည် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ကို အဓိကထား၍ ၀င်ရောက်ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်ပေါင်း ၄၁ နေရာအနက် ပါတီကိုယ်စားလှယ် ၆ဦး မဲအနိုင်ရရှိခဲ့သည်။

KIC

No comments:

Post a Comment