address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 17, 2014

သမီးကလေးကျေးရွာ နေသူများကို ချက်ချင်း ဖယ်ရှားခိုင်းပါက DKBA နေရာပေးမည်




17.2.2014

ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည်အနီး အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီ နေထိုင်လျက်ရှိသော သမီးကလေး ကျေးရွာနေသူ လူဦးရေ ၅၀၀ ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက နေရာမပေးဘဲ ချက်ချင်း ဖယ်ရှားခိုင်းပါက မြဝတီတွင် နေရာပေးမည် ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

သမီးလေးကျေးရွာ နေထိုင်သူများက နေစရာ အခက်အခဲ ရှိပါက DKBA ဌာနချုပ် ထိန်းချုပ်နယ်မြေတွင် ပါဝင်သော မြဝတီတွင် နေထိုင်ခွင့်ပြုရန် လာရောက် ခေါ်ယူမည် ဖြစ်ကြောင်း၊ နေစရာ အခက်အခဲ ကြုံတွေ့နေရသူများ အနေနှင့် ထိန်းချုပ် နယ်မြေတွင် နေထိုင်မည်ဆိုပါက နေစရာ၊ လုပ်ကိုင် စားသောက်ရန် စိုက်ပျိုးမြေများ ပေးအပ်မည် ဖြစ်ပြီး လက်ရှိ မြေနေရာနှင့် ပိုကောင်းမွန်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“DKBA ထဲကို ဝင်ခိုင်းဖို့ အစီအစဉ် လုံးဝမရှိဘူး၊ လူသားဖြစ်တဲ့အတွက် လူသားတစ်ယောက် အသက်ရှင် နေထိုင်နိုင်ဖို့ နေရာပေးတာ” ဟု ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ထပ်လောင်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတွင် ကျူးကျော် နေထိုင်သူဟုဆိုကာ ဖျက်သိမ်းခံရသူများနှင့် ဖျက်သိမ်းရန် အကြောင်းကြားစာ ပေးပို့ခံနေရသူ သောင်းချီအတွက် နေစရာအခက်အခဲ ဖြေရှင်းပေးနိုင်ရန် တရားဝင် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အမှန်တကယ် နေစရာအခက်အခဲ ကြုံနေရသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူများကို အခြေခံကာ စာရင်းကောက်မည် ဖြစ်ပြီး DKBA ဌာနချုပ် ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်နိုင်ရန် ဗိုလ်မှူး စောဆန်းအောင်နှင့် ဆွေးနွေးတိုင်ပင်နေကြောင်း မြန်မာ့ လူမှုဘဝ တိုးတက် မြင့်မားရေးအသင်းမှ ဦးနေမျိုးဇင်က ပြောကြားသည်။

အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းတွင် ခဏတာ ခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများက အခြေချ နေထိုင်နိုင်ရန်အတွက် မြေနေရာတစ်ခု သတ်မှတ်ပေးရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ ဌာနများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အသနားခံစာ တင်ပြမည် ဖြစ်ကြောင်း၊ မိုးကာလ မရောက်ခင် နေစရာ မရရှိပါက DKBA ခေါ်ဆောင်ရာနောက်သို့ လိုက်မည် ဖြစ်ကြောင်း ယင်းရွာသူရွာသားများက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ တပ်ပိုင်မြေတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံးကာ ဖယ်ရှားခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ ဖယ်ရှားခံရသောနေ့မှ စတင်ကာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ယာယီခိုလှုံနေထိုင်လျက် ရှိကြောင်း အောင်သိဒ္ဓိ ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

The Voice Weekly

No comments:

Post a Comment