address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 18, 2014

သံလွင်ရေကြောင်းပို့ဆောင်မှု လုပ်ငန်းရှင်များ ဖိတ်ခေါ်


18.2.2014

မြန်မာနိုင်ငံရှိ အထင်ကရ မြစ်ကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော သံလွင်မြစ်အတွင်း သင်္ဘောများ ပြေးဆွဲ နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ကြိုဆိုကြောင်း ပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဟံစိန်က ဖေဖော်ဝါရီ ၁၇ရက် တွင်ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။

“ပြည်နယ်လေးခုကို ဖြတ်သန်းသွားတဲ့ သံလွင်မြစ်ကြီးအတွင်း သယ်ယူပို့ဆောင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက နိုင်ငံတကာ နဲ့ ပူးပေါင်းပြီး ရေကြောင်းလမ်းချောမွေ့စေရန် ပြင်ဆင်အသုံးချနိုင်ဖို့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါတယ်”ဟု ဒု-၀န်ကြီးကဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “ဆည်တွေ တည်ဆောက်တာထက် သင်္ဘောတွေ ပြေးဆွဲတာ ပိုကောင်းပါတယ်၊ ကိုးကန့်အဖွဲ့ကတော့ ပြောတယ်၊ သူတို့ကိုသာ ခွင့်ပြုမယ်ဆိုရင် သံလွင် မြစ်အတွင်း သင်္ဘောတွေ ပြေးဆွဲလို့ရအောင် ပြင်ဆင်စရာတွေရှိတယ်၊ နှစ်ဘီလီယံ လောက်ကုန်ကျမယ်၊ ဒါကိုလည်း အစိုးရက ပေးစရာမလိုဘူး၊ ပြီးရင်ကိုးကန့်-မော်လမြိုင်သင်္ဘော ပြေးမယ့် အစီအစဉ်တွေ ရှိ တယ်” ဟု ပြောသည်။

ကိုးကန့်ဒေသသည် ကုန်းတွင်းပိတ်နေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲများစွာ ရှိနေခြင်းကြောင့် သံလွင်မြစ်ကြောင်းတွင်း သင်္ဘောများသွားလာနိုင်ပါက မော်လမြိုင်မှ ကုန်စည်များသယ်ဆောင်နိုင်လျှင် စားသောက်ကုန်နှင့် အခြားကုန်စည်များဈေးနှုန်း အထူးချိုသာစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

သံလွင်မြစ်သည် တိဗက်ကုန်းမြင့်မှ မြစ်ဖျားခံပြီး ရှမ်းကုန်းမြေမြင့်ကို ဖြတ်သန်းစီးဆင်းသဖြင့် မြစ်ကြမ်းပြင် ဆင်ခြေလျှောမှာ မတ်စောက်၍ ရေစီးသန်ကာ ရေကြောင်းသွားလာနိုင်မှုမှာ သံလွင်မြစ်ဝမှ ရွှေဂွန်းအထိ အလျား ၃၈၀ ကီလိုမီတာ ခန့်သာ ရှိသည်။

Mizzima

No comments:

Post a Comment