address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 28, 2014

ဇွဲကပင် ဆံတော်ရှင် ကေဘယ်လ်ကား ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်မည်


28.2.2014

ကရင်ပြည်နယ် ဇွဲကပင်ဆံတော်ရှင် ကေဘယ်လ်ကားစီမံကိန်း ရန်ပုံငွေဖျော်ဖြေပွဲကို မတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ်တွင် ပြုလုပ်မည် ဖြစ်သည်။ ယင်းဖျော်ဖြေပွဲကို ဒါရိုက်တာ အဏ်ထော်ဏီ(မော်လမြိုင်)က ဦးစီးကျင်းပမည်ဖြစ်ကြောင်း ပြောသည်။

“ဇွဲကပင်ကေဘယ်လ်ကားက ဘာပဲဖြစ်ဖြစ် ရန်ပုံငွေ လိုအပ်နေတယ်။ ရိုးရိုးဖျော်ဖြေပွဲထက်စာရင် နာမည် ကြီးအနုပညာရှင်တွေ ဖျော်ဖြေကြရင် ဘုရားဖူးလာပရိသတ်တွေ လှူမယ်။ ရန်ပုံငွေပွဲတွေ မကြာမကြာလုပ် သွားမယ်” ဟု ယင်းက ပြောသည်။

၎င်းဖျော်ဖြေပွဲသည် နှစ်စဉ်ကျင်းပပြုလုပ်သည့် ဇွဲကပင်ဆံတော်ရှင်ဘုရားပွဲဖြစ်ပြီး တပေါင်းလပြည့်နေ့တွင် ပြုလုပ်ခြင်း ဖြစ်သည်။ ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေ ဆံတော်ရှင် ကေဘယ်လ်ကား စီမံကိန်းဖြစ် မြောက်ရန် ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်နှင့် သုံးထပ်ကျောင်းဆရာတော်တို့က ဦးဆောင် ပြုလုပ်ကြခြင်း ဖြစ်သည်။

ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ရန်ပုံငွေရရှိရေးအတွက် ဆရာတော်ကြီးများက ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မန္တလေး၊ ကလော၊ အောင်ပန်း၊ တောင်ကြီးတို့တွင် တရားပွဲများပြုလုပ်ခဲ့ပြီး ယင်းဒေသများ တွင် ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခွဲများလည်း ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။

ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ဖြစ်မြောက်ရေးအတွက် တရားပွဲများနှင့် ဖျော်ဖြေပွဲများကို ၂၀၁၃ ခုနှစ် သြဂုတ်လကတည်းက ပြုလုပ်ခဲ့ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်းများမှလည်း လှူဒါန်းမှုများရှိခဲ့ရာ ကျပ် သိန်းပေါင်း ၄,၀၀၀ ကျော်ရရှိထားပြီး စီမံကိန်းရန်ပုံငွေ လျာထားချက်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်(ကျပ်ငွေ သိန်းပေါင်း နှစ်သိန်းဝန်းကျင်) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ယင်းစီမံကိန်းအတွက် လိုအပ်သည့် အစိတ်အပိုင်းများကို ဆွစ်ဇာလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ မှာ ယူမည်ဖြစ်ပြီး မလေးရှားမှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းကာ နိုင်ငံတကာ အဆင့်မီ တည်ဆောက်မည် ဖြစ်သည်။

ယခုနှစ်ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်၊ ဂျောက်ဂျက်၊ စနဲ၊ သားကြီး၊ သားသား၊ အိုင်းရင်းဇင်မာမြင့်နှင့် ထက်ထက်(Bobby Soxer)တို့ ဖျော်ဖြေကြမည် ဖြစ်သည်။ ၂၀၁၃ နိုဝင်ဘာလ ရန်ပုံငွေဖျော်ဖြေပွဲတွင် ဟန်ဇာမိုးဝင်း ဇာတ်သဘင်အဖွဲ့နှင့်Iron Cross တေးဂီတအဖွဲ့တို့ ဖျော်ဖြေခဲ့ကြသည်။

Mizzima

No comments:

Post a Comment