address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 25, 2014

မြန်မာနိုင်ငံ၏ရှေ့ရေးနှင့် ဒီမိုကရေစီရေးသည် ထာဝရငြိမ်းချမ်းရေးပေါ် မူတည်ပြီး ရွေးချယ်ရန် လမ်းဆုံလမ်းခွသို့ ရောက်နေပြီဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား


25.2.2014

မြန်မာနိုင်ငံ၏ရှေ့ရေးနှင့် ဒီမိုကရေစီရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှုအပေါ် မူတည်နေသည့် အခြေအနေနှင့် ရွေးချယ်ရန် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဟု ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီလုပ်ငန်းကော်မတီ အစည်းအဝေးတွင် အဆိုပါကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒုတိယသမ္မတက အမှာစကား ပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးမရရှိဘဲ ပဋိပက္ခများဆက် ဖြစ်နေပါက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်း နည်းပါးနေမည်၊ ဖွံ့ဖြိုးမှုနှေးကွေးနေမည်၊ ဖွံ့ဖြိုးမှုနောက်ကျနေမည် သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ပြန် ဆုတ်နေမည်ဆိုလျှင် မိမိတို့ထက် အင်အားကြီးသည့် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလက်အောက်ခံဘဝကို တစ်စတစ်စ မသိမသာ ပြန်လည်ရောက်ရှိသွားသည့် အခြေအနေ တစ်ရပ်ကို ပြန်လည်ရောက်ရှိသွားမည့် အန္တရာယ်ရှိလာ နိုင်ကြောင်းလည်း ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။

ပျမ်းမျှ လူ့သက်တမ်းတစ်ခုစာ၊ တစ်သက်စာမျှ ရှည်ကြာခဲ့သည့် လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသား ပြည်သူများ၏ အသက်သွေးချွေးပေါင်းများစွာ စတေးပေးဆပ်ခဲ့ရ သကဲ့သို့ တစ်ဦးနှင့်တစ် ဦး၊ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှု ကြီးမားလွန်းသည့်အတွက် တွေ့ဆုံဆွေးနွေးရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်နယ်၊ ပြည်ထောင်စု၊ ဗဟိုစသည်ဖြင့် အဆင့်များခွဲခြားပြီး ဆွေးနွေးခဲ့ရာ မကြာမီကာလအတွင်း အပြီးသတ် ဆွေးနွေးနိုင်မည့် အလားအလာများ မြင်နေရပြီဖြစ်ကြောင်း စသည်ဖြင့်လည်း ဒုတိယသမ္မတက ပြောကြားသည်။

ရရှိထားသည့် ယာယီအပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ရေရှည်အပစ်အခတ်ရပ်စဲရေး၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ဖြစ်ပေါ် လိမ့်မည်ဟု ယူဆကြောင်းနှင့် အပစ်အခတ် ရပ်စဲရေးသည် အမှန်တကယ် ငြိမ်းချမ်းရေး မဟုတ်သေးဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစဟုသာ ဆိုနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဘားအံမြို့၌ မတ်လအတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment