address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 18, 2014

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့များ ဖွဲ့စည်းရန် ပြည်နယ် လေးခုသာ ကျန်ရှိ




18.2.2014

ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့များ ဖွဲ့စည်းလျက်ရှိရာ လက်ရှိ အချိန်တွင် ပြည်နယ် လေးခု၌သာ ယင်းအဖွဲ့ ဖွဲ့စည်းရန် ကျန်ရှိတော့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟို ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ သာဉာဏ်က ပြောကြားသည်။

“တိုင်းတွေက အားလုံးနီးပါး ဖွဲ့စည်း ပြီးသလောက် ရှိပါပြီ။ ပဲခူးတိုင်း တစ်ခုပဲ အတည်ပြုဖို့ ကျန်တော့တာပါ၊ နောက်ပြည်နယ်တွေ အနေနဲ့ မွန်နဲ့ ကရင်က ဖွဲ့ပြီးပြီ၊ ရှမ်းပြည်နယ်က ဖွဲ့ပါတော့မယ်၊ ကယားပြည်နယ်ကို ဗဟို အဖွဲ့အနေနဲ့ နောက်လထဲ သွားဖို့ ရှိပါတယ်၊ ချင်းနဲ့ ကချင်ကလည်း ဘာသာပေါင်းစုံ ညီညွှတ်ရေးအဖွဲ့ ဖွဲ့ဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟို ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့သည် နိုင်ငံတော် သမ္မတကြီးနှင့် နှစ်ကြိမ်၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တစ်ကြိမ် တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ တိုင်းနှင့် ပြည်နယ်များသို့ သွားရောက်၍ ဘာသာပေါင်းစုံ ညီညွှတ်ရေး အဖွဲ့များကို ဖွဲ့စည်းပေးခြင်း၊ အတည်ပြု ပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း ဘာသာပေါင်းစုံ ညီညွှတ်ရေးအဖွဲ့ ဗဟိုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တိုင်းဒေသကြီးတွေ၊ ခရိုင်တွေ၊ မြို့နယ်တွေမှာ အခုလို ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေ မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်ဖို့၊ တိုင်းဒေသကြီးတွေရဲ့ အစိုးရ အဖွဲ့တွေက ဖြစ်စေ၊ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဖြစ်စေ မြန်မြန် ဖွဲ့ဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန် ပေးစေချင်တယ်၊ ဒီလို အဖွဲ့အစည်းတွေ မြန်မြန် ဖွဲ့စည်းပေးဖို့ လိုအပ်တယ်” ဟု ဗဟို ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်က ပြောကြားသည်။

ဗဟို ဘာသာပေါင်းစုံ ညီညွှတ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မုံရွာခရိုင်နှင့် ရွှေဘို ခရိုင်တို့တွင် ခရိုင်အဆင့် ဘာသာပေါင်းစုံ ညီညွှတ်ရေး အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်ကြောင်းနှင့် ကျန်ခရိုင်များတွင်လည်း ဆက်လက် ဖွဲ့စည်းမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment