address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, April 4, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ရန်ကုန်မြို့သို့ စတင်ရောက်ရှိ



4.4.2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှု ပြုလုပ်ရေးအတွက် အစိုးရနှင့် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ဧပြီ ၃ ရက်မှ စတင်ကာ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့သည် ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံ၍ နှစ်ဖက်တာဝန်ရှိသူများ အညီအမျှပါဝင်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲရေးသားပြုစုရေးလုပ်ငန်းအဖွဲ့မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းတစ်ခုတည်း ရရှိအောင် ရေးဆွဲသွားနိုင်ရေးကို ညှိနှိုင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် NCCT အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCCT အဖွဲ့ဝင် မဟုတ်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မိုင်းလားအဖွဲ့၊ နာဂအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ ပါဝင်တက်ရောက်ခြင်းသည် ပိုမိုအားတက်ဖွယ်ရာ ဖြစ်သည်ဟု NCCT အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ရန်ကုန်လေဆိပ်သို့ ရောက်ရှိစဉ် သတင်းထောက်များအား ပြောကြားသည်။

“ကျွန်တော်ထင်တာကတော့ တစ်ခေါက်ထက် တစ်ခေါက်ပိုပြီး ပြည့်စုံလာတယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ မတ် ၉ ရက် ၁၀ ရက်မှာ တစ်ခါတွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက တပ်မတော်ပိုင်း အကြီးအကဲတွေ အများအပြားပါတော့ အားတက်ခဲ့တယ်။ ကျွန်တော်တို့နဲ့ အစိုးရနဲ့ ဆွေးနွေးတဲ့နေရာမှာ မပါသေးတဲ့အဖွဲ့တွေ ဒီတစ်ခေါက်ပါလာတာကတော့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ အလားအလာကောင်းတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်းဖြစ်အောင် အစိုးရကိုယ်စားလှယ်နှင့် NCCTကိုယ်စားလှယ်များ ပူးတွဲရေးသားပြုစုရာတွင် NCCT အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သဘောဆန္ဒများကို နားထောင်ရန်လိုအပ်ပြီး မူကြမ်းရေးဆွဲရာတွင် ပါဝင်ချင်သည်ဟုဆိုပါကလည်း ပါဝင်ခွင့်ပေးရန် လိုအပ်သည်ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောကြားသည်။

NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းကလည်း ဧပြီ ၅ ရက်နှင့် ၆ ရက် များတွင် အစိုးရနှင့်ဆွေးနွေးညှိနှိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ကြို တင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် မူလက ရည်မှန်းထားသည့်အတိုင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းတစ်ခုတည်း ရရှိအောင်ရေးဆွဲနိုင်မည်ဟု ယုံကြည်ကြောင်းဟု ပြောကြားသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို တပ်မတော်ဘက်မှ အဆိုပြုထားသည့် သြဂုတ် ၁ ရက် မတိုင်မီပြုလုပ်နိုင်ဖွယ်ရှိသော်လည်း ဧပြီ ၅ ရက်၊ ၆ ရက်တွင် ပြုလုပ်မည့် ရန်ကုန်ဆွေးနွေးပွဲရက်မှာ ထပ်မံတိုးနိုင်ဖွယ်ရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောကြားသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် အစိုးရဘက်မှ ကိုယ်စားလှယ် ကိုးဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ NCCT ဘက်မှ ကိုယ်စားလှယ်ကိုးဦးတို့ ပူးပေါင်းပါဝင် ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၅ ရက်နှင့် ၆ရက်တွင် ပြုလုပ်မည့် အစိုးရနှင့် NCCT တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည်ဖြစ်ကာ လွှတ်တော်ဘက်မှ ကိုယ်စားလှယ်သုံးဦး၊ တပ်မတော်မှ အဆင့်မြင့်အရာရှိသုံးဦးတို့ တက်ရောက်မည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ NCCT ဘက်မှ အဖွဲ့ခေါင်းဆောင်များဖြစ်သည့် NMSPမှ ဦးနိုင်ဟံသာ၊ KNU မှ ပဒိုစောကွယ်ထူးဝင်း၊KIO မှ ဗိုလ်ချုပ်ဂွမ်မော်တို့အပါအ၀င် အဖွဲ့ဝင်စုစုပေါင်း ၂၄ ဦး တက်ရောက်မည် ဖြစ်သည်။

Eleven Media Group
(NCCTအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၃ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ်)

No comments:

Post a Comment