address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, April 4, 2014

နိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ နိုင်ငံရေး ဦးဆောင်ခွင့်အား မကန့်သတ်လိုဟု သမ္မတပြော


4.4.2014

မြန်မာနိုင်ငံ၏ နိုင်ငံရေး ဦးဆောင်မှုတွင် မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ ကန့်သတ် ထားလိုခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ် ၂၉ ရက်က ရန်ကုန်တိုင်း အစိုးရရုံး လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သော နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက မိန့်ခွန်း၌ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

““နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ သဘောထားကတော့ မည်သည့် နိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာဆိုသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့ အချုပ်အခြာ အာဏာ တည်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်တဲ့အခြေ ခံမူများရှိရန်လည်း လိုလားပါတယ်”” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သော စကားသည် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ၅၉(စ) သကဲ့သို့သော ပုဒ်မအား ဖြေလျှော့ ပေးချင်သကဲ့သို့ ရှိသော်လည်း အခြားတစ်ဖက်တွင် အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအား မထိပါးစေမည့် သင့်တင့် လျောက်ပတ်သော အာဏာ အကာအကွယ်ပေးနိုင်သော အခြေခံမူများ ရှိရန် လိုအပ်ကြောင်း ပြောထားသည်။ ပြတ်သားမှု မရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က သုံးသပ်ခဲ့သည်။

““နှစ်ဖက်ခွပြီး ပြောတာဗျ။ သူက ၅၉(စ)ကိုလည်း လူတစ်ဦး တစ်ယောက်ကို သတ်မှတ်ထားတာမျိုး မဖြစ်စေချင်ဘူးလေ။ တစ်ဖက်လည်း အမျိုးသားအကျိုးစီးပွားနဲ့ ကာကွယ်တာကိုးဗျ။ သူလည်း မပြတ်သားဘူး ထင်ပါတယ်””ဟု ဦးစိုင်းညွှန့်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
နိုင်ငံသားတစ်ဦးဖြစ်လျှင် နိုင်ငံသား အခွင့်အရေး ရရှိရမည်ဖြစ်ပြီး ရွေးကောက်ပွဲများတွင် မဲပေးရွေးချယ်ရာတွင် တိုင်းပြည်အတွက် အကျိုးအရှိဆုံး ပုဂ္ဂိုလ်အား ပြည်သူလူထုသာလျှင်အသိဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။

““ဥပဒေအကြောင်းကိုတော့ ကျွန်တော်မပြောဘူး။ ကျွန်တော်ကတော့ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်ပေါ့။ နိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူမယ့်လူကို ပြည်သူက သိပါတယ်””ဟု ကို ဂျင်မီက ဆိုသည်။
အဆိုပါနိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပွဲသို့ တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၆၅ပါတီအနက် ၆၃ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦး တက်ရောက်ခဲ့ သည်။ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများ အားလုံး၌ အချိန်အခက်အခဲကြောင့် ပါတီ ၁၁ ပါတီသာ တင်ပြခွင့် ရရှိခဲ့သည်။ နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုမှာ ယခင်က ၃ ကြိမ်တွေ့ ဆုံခဲ့ဖူးပြီ ယခုတွေ့ဆုံမှုမှာ ၄ကြိမ်မြောက်ဖြစ်သည်။

မြန်မာသံတော်ဆင့်

No comments:

Post a Comment