address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, April 8, 2014

ညောင်လေးပင် ကရင်စာသင် ကျောင်းဆရာမများ အစိုးရတရားဝင်ချီးမြှင့်ငွေ ရရှိ


8.4.2014

ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်အတွင်း ညောင်လေးပင်မြို့နယ်တွင် စကောကရင်စာပေ သင်ကြားပေးခဲ့ သည့် ဆရာမများကို အစိုးရက တရားဝင်သတ်မှတ်ထားသည့် ချီးမြှင့်ငွေများ စတင်ရရှိပြီးဖြစ်ကြောင်း ညောင်လေးပင်မြို့နယ်၊ ပညာရေးမှူး ဆရာမကြီး နော်ချစ်မေက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အစိုးရမှ စာသင်ကျောင်းများတွင်တိုင်းရင်းစာပေ သင်ကြားပေးသည့်ဆရာ၊ ဆရာမများကို တစ်လ လျှင် ကျပ်သုံးသောင်း ထောက်ပံ့ပေးမည်ဟု တရားဝင်ထုတ်ပြန်ထားပြီးနောက် ညောင်လေးပင်မြို့နယ်ရှိ အစိုးရ အခြေခံပညာ ၂၆ ကျောင်းရှိ စကောကရင်စာ သင်ပေးခဲ့သည့် ဆရာမ ၄၉ ဦးကို ၂၀၁၃ ဇွန်မှ ၂၀၁၄ မတ်လထိ ဆယ်လစာ ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် မတ်လကုန်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျမတို့က ကိုယ်ထူကိုယ်ထနဲ့ စခဲ့ကြတာ ရမယ်မှန်းလည်း မသိဘူး။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ မပျက်သုန်း အောင် လုပ်ဆောင်ဖို့ တာဝန်တရပ်အနေနဲ့ ဆောင်ရွက်ခဲ့တယ်။ အဲလို ဆောင်ရွက်တာကို နိုင်ငံတော်က အခု ထောက်ပံ့ပေးတဲ့အတွက် ဆရာများတွေ ကိုယ်စားကျေးဇူးတင်တယ်။ နောက်ဆက်လုပ်ဖို့လည်း အားရှိသွား တာပေါ့”ဟု ဆရာမကြီးနော်ချစ်မေက ပြောသည်။

ညောင်လေးပင်မြို့နယ် ကရင်စာပေသင်ကြားရေး ကော်မတီနာယက ညောင်လေးပင်မြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ် ကိုယ်စားလှယ် စောလင်းအောင်ကလည်း “ကျနော်တို့ မြို့နယ်ထဲမှာ စကောကရင်စာပေသင်ကြားဖို့ မြို့နယ်ကရင်စာပေသင်ကြားရေးကော်မတီကို ဖွဲ့စည်းပြီး ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ စာစတင်သင်ကြားတယ်။ ဘယ်အထောက်အပံ့ကိုမှ မမျှော်လင့်ခဲ့ပေမယ့် တခြားမြို့နယ်တွေမှာလည်း ကရင်စာပေသင်ကြားဖို့ ကျနော်တို့ စိတ်အားထက်သန်လာခဲ့တယ်”ဟု ပြောဆိုသည်။

ထို့အပြင် လာမည့်ပညာသင်နှစ်တွင် စကောကရင်စာပေ ဆက်သင်ရန် ပြင်ဆင်မှုအနေဖြင့် ယခုနှစ် မေ ၅ မှ ၉ ရက်နေ့အထိ ညောင်လေးပင်မြို့နယ် ပညာရေးမှူးရုံးအနီးရှိ အာဇာနည် အ.မ.က ကျောင်းတွင် ကရင်စာသင် ဆရာမများ မွန်းမံသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကာ မည်သည့်မြို့နယ်မဆို တက်ရောက်နိုင်ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ စကောကရင်စာကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် စတင်သင်ကြားနေမှုကို ပဲခူးတိုင်းဒေသ ကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူပလီစံလှနှင့်အတူ ဖေဖော်ဝါရီတွင် ပညာရေးဝန်ကြီးဌာန ယာယီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့် လာရောက်ကြည့်ရှုခဲ့သလို လက်ရှိ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီတို့ကလည်း မတ်လဆန်းပိုင်းတွင် လာရောက်လေ့လာစစ်ဆေးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ တရားဝင်ချီးမြှင့်ငွေရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် စကောကရင်စာပေကို ညောင်လေးပင်မြို့နယ် တစ်ခုလုံးရှိ စာသင်ကျောင်း ၂၆ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၂၀၀ ကျော်သင်ကြားပေးနိုင်ခဲ့ပြီး နောက်ထပ်လာမည့် ပညာသင်နှစ် တွင် ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးအတိုင်းအတာဖြင့် တပြေးညီ စကောကရင်စာ သင်ကြားပေးသွားမည်ဖြစ် ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူပလီစံလှက ထုတ်ဖော်ပြောဆိုထားသည်။

ကေအိုင်စီ - ကရင်သတင်းဌာန

No comments:

Post a Comment