address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, April 28, 2014

မြ၀တီ ချစ်ကြည်ရေးတံတားတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ အခက်ကြုံ


 

28.4.2014

မြန်မာနှစ်သစ်ကူးပွဲတော် အပြီးနောက် မြ၀တီ-မဲဆောက်လမ်းမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများ များပြားနေချိန်တွင် မြ၀တီချစ်ကြည်ရေး တံတားပေါ်၌ လိုင်စင်မဲ့ကားများ စည်းကမ်းမဲ့စွာ ခရီးသည်ကြိုပို့ (ခေါက်တို) သွားလာနေခြင်းကြောင့် တံတားတစ်စင်းလုံး မော်တော်ယာဉ်များပြည့်သိပ်ကာ ယာဉ်သွားလာရ ခက်ခဲလျက်ရှိပြီး နယ်စပ်ကုန်စည် ပို့ဆောင်သည့် မော်တော်ယာဉ်များ အခက်ကြုံကာ ကုန်စည်စီးဆင်းမှု နှောင့်နှေးနေကြောင်း သိရသည်။

“မြ၀တီ ချစ်ကြည်ရေးတံတားပေါ်မှာ တရားဝင် ကုန်စည်ပို့ဆောင်တဲ့ မော်တော်ယာဉ်တွေ အခက်တွေ့တာတော့ အမှန်ပါပဲ။ တံတားပေါ်မှာ ကားတွေပိတ်နေတော့ အရင်သယ်တဲ့ ခေါက်ရေထက် တစ်ဝက်လျော့ကျသွားတယ်” ဟု ကုန်စည်ပို့ဆောင်ရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြ၀တီ-မဲဆောက် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းမှ မဟုတ်သော်လည်း အိမ်စီးကား အယောင်ဆောင်သည့် ကားလေးများမှာ တံတားပေါ်တွင်ရပ်ပြီး ခရီးသည်စောင့်ဆိုင်း တင်ဆောင်ကာ ဥဒဟို မောင်းနှင်နေခြင်းကြောင့် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

“အရင်က ချစ်ကြည်ရေးတံတားထိပ်မှာ အဆင်းနေ့မနက်ပဲ ယာဉ်ကြောပိတ်ခဲ့တာ။ အခုတော့ လုပ်ငန်းခွင်ဝင်မယ့် သင်္ကြန်ပြန်တွေ များတာနဲ့အမျှ ယာဉ်တန်းအတက်နေ့တိုင်း တံတားပေါ်မှာ မနက် ၉း၀၀ နာရီလောက်ကတည်းက ကျပ်ညပ်နေတယ်။ လိုင်စင်ရှိရော၊ လိုင်စင်မဲ့ရော သွားချင်သလို သွားနေကြတာပါပဲ” ဟု ချစ်ကြည်ရေးတံတားအနီးတွင် နေသူတစ်ဦးက ဆိုသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျော်လွန်ပြီးနောက် မဲဆောက်-ဘန်ကောက် ခရီးသွားမော်တော်ယာဉ်များ မလုံမလောက်ဖြစ်ကာ ယာဉ်စီးခလက်မှတ်များလည်း မြင့်တက်သွားကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ ၀င်ရာ၌ အ၀င်တံဆိပ်တုံးထုရန် တစ်နေ့လုံး တန်းစီစောင့်ဆိုင်း နေရသလို အမြန်တုံးထုနှုန်းမှာလည်း ယခင်က (ဘတ် ၁၀၀၊ ၁၂၀) ထက် ဘတ် ၅၀၊ ၁၀၀ ထိ ပိုမိုပေးဆောင်ရသည်ဟု သိရသည်။

“လက်မှတ်ခ ဈေးမြင့်တာကို ဖြေရှင်းလို့ ရပေမယ့် တစ်ဖက်နိုင်ငံထဲကို ၀င်လာပြီးမှ ကားလက်မှတ် ၀ယ်မရတာ ဆိုးပါတယ်။ ကိုယ့်နိုင်ငံမဟုတ်တော့ အခက်ကြုံရတာပေါ့” ဟု ဘန်ကောက်ကားလက်မှတ် ၀ယ်ယူမရ၍ မြ၀တီသို့ ပြန်လာခဲ့ရသူတစ်ဦးက ပြောကြားသည်။

“အစ်မတို့ မဲဆောက်မှာ ဈေးသွားဝယ်ဖို့ ထွက်လာတာပါ။ တံတားပေါ်မှာ ရပ်နေရတာ နှစ်နာရီ ကြာနေပါပြီ။ ကျပ်သိပ်ပြီး ခုထိမရွေ့သေးပါဘူး” ဟု မဲဆောက်ဈေးသို့သွားရန် လာခဲ့သော်လည်း ချစ်ကြည်ရေးတံတားပေါ်တွင် နာရီပေါင်းများစွာ စောင့်ဆိုင်နေရသူတစ်ဦးက ပြောပြသည်။

ယင်းကဲ့သို့ ချစ်ကြည်ရေးတံတားထိပ်၊ ချစ်ကြည်ရေးတံတားပေါ်မှာ ယာဉ်ကြောကားပိတ်ဆို့မှု ဖြစ်ပေါ်နေရခြင်းမှာ မြ၀တီနယ်စပ်မြို့သည် အရေးယူ၍ မရသည့်မြို့ ဖြစ်ခြင်းကြောင့်ဖြစ်သည်ဟု ခရိုင်မှ မော်တော်ယာဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။ 

(မြ၀တီ ချစ်ကြည်ရေးတံတား အနီးတွင် တရားမ၀င် မော်တော်ယာဉ်များဖြင့် လူသယ်ဆောင်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်)

Eleven Media Group

No comments:

Post a Comment