address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 1, 2014

စင်ကာပူ SEA Games အားကစားနည်း ၃၆နည်းဖြင့် ကျင်းပမည်ဟု အတည်ပြု


1.5.2014

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုးဖြင့် ကျင်းပမည် ဖြစ်ကြောင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဧပြီလ ၃၀ ရက်နေ့က အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ယင်းသို့ အတည်ပြု ထုတ်ပြန်နိုင်ရန် အားကစား ဝန်ကြီးများအဆင့် နောက်ဆုံးအကြိမ် အစည်းအဝေးကို ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့ပြီး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေး မတိုင်မီက အားကစားနည်း ၃၀ မျိုးဖြင့်သာ ကျင်းပရန် အိမ်ရှင်နိုင်ငံ၏ (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပရေး ကော်မတီက အဆိုတင်သွင်း ခဲ့သော်လည်း ဒေသတွင်း နိုင်ငံများက အနောက်တိုင်း လက်ဝှေ့၊ Floorball (ဟော်ကီ ကစားနည်းနှင့် ဆင်တူသည့် ရုံတွင်း ကစားနည်း)၊ ပီတန်း (ကျောက်ဒိုးပစ်)၊ မြင်းစီးနှင့် အပြည်ပြည်ဆိုင်ရာ လှေလှော် အားကစားနည်း၊ ဘောလီဘော် အားကစားနည်းများကို ထည့်သွင်း ကျင်းပရန် အဆိုပြုခဲ့သောကြောင့် အားကစားနည်း ၃၆ မျိုးဖြင့် ကျင်းပခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာရိုးရာ ခြင်းလုံး အားကစားနည်းကို ထည့်သွင်း ကျင်းပရန် မြန်မာနိုင်ငံက တောင်းဆိုခဲ့သော်လည်း ဒေသတွင်း နိုင်ငံများ၏ ထောက်ခံမှု နည်းပါးခဲ့ခြင်းကြောင့် ပါဝင်နိုင်တော့မည် မဟုတ်ကြောင်း အာရှခြင်းလုံး အဖွဲ့ချုပ် အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

ယင်းအားကစားနည်း ၃၆ နည်းအနက် အိုလံပစ် အားကစားနည်း ၂၄ မျိုးသာ ပါဝင်ပြီး ကျန်အားကစားနည်းများမှာ အရှေ့တောင်အာရှ နိုင်ငံများမှ ရိုးရာ အားကစားနည်းများ ဖြစ်ကြောင်း ၂၀၁၅ SEA Games ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“SEA Games မှာ အိုလံပစ် အားကစားနည်းတွေကိုသာ အဓိကထား ထည့်သွင်း ကျင်းပသင့်တယ်။ ရွေတံဆိပ် အများဆုံးရအောင် ယူမယ်ဆိုတဲ့ စိတ်တွေနဲ့ SEA Games ကျင်းပခွင့်ရတဲ့ အိမ်ရှင်နိုင်ငံတိုင်းက သူတို့အားသာတဲ့ အားကစားနည်းတွေ ထည့်ပြီး ပြိုင်တာကို တွေ့ရတယ်။ ဒါမျိုးကို အားမပေးဘူး။ မြန်မာနိုင်ငံအနေနဲ့ SEA Games ပြိုင်ပွဲထက် အာရှအဆင့် ပြိုင်ပွဲတွေကို ပိုမိုအလေးထား ပြင်ဆင်သင့်တယ်” ဟု ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က (၂၈) ကြိမ်မြောက် စင်ကာပူ SEA Games ပြိုင်ပွဲနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ နိုင်ငံအလိုက် ဒုတိယနေရာသို့ ရောက်ရှိခဲ့သော်လည်း စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ထုတ်ပြန်လိုက်သည့် အားကစားနည်း ၃၆ မျိုးအရ မြန်မာနိုင်ငံအနေဖြင့် ယခင်ရရှိခဲ့သည့် ဒုတိယနေရာ ရရှိရန် လွယ်ကူတော့မည် မဟုတ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment