address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, April 23, 2014

မှော်လုပ်သား ကချင်/ရှမ်း/လီဆူ တိုင်းရင်းသားများအား KIA မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်


23.4.2014

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်တွင် လုပ်သားအဖြစ် လုပ်ကိုင်နေကြသော ဒေသခံ ကချင်၊ ရှမ်း၊ လီဆူ တိုင်းရင်းသား များအား KIA အဖွဲ့မှ ဧပြီ ၂၁ ရက်နေ့တွင် လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ယင်း ဒေသခံအချို့ထံမှ သိရသည်။

သန်းခေါင်စာရင်း ကောက်ယူစဉ်ကာလကတည်းက KIA မှ ပယင်းမှော်သို့ အစိုးရ၀န်ထမ်းများ သန်းခေါင်စာရင်း လာရောက် မကောက်ယူနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်တားမြစ် မှုများ ပြုလုပ်ပြီး မှော်သူမှော်သား များကိုလည်း နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

`` အဲဒီအချိန်ကတည်းက ကျွန်တော်တို့က မှော်ထဲမှာ ဆက်မလုပ်တော့ပဲ ပြန်လာခဲ့ကြတာပါ၊ ဟိုတစ်နေ့က လူသစ် ဆွဲတာ (၃၀)လောက်ပါသွားတယ် ပြောတယ်၊ သူတို့က ဆက်ကြေးလည်းကောက် တယ်၊ဆက်ကြေး ပေးထားတဲ့ မှော်လုပ်သားတွေကိုလည်း လူသစ်လုပ်ဖို့ အတင်းဖမ်းတယ်၊ အနိုင်ကျင့်လွန်းတယ်လို့ပဲ မြင်တယ်´´ ဟု တနိုင်းမြို့ခံ ကိုကျလောက ပြောသည်။

KIA အဖွဲ့မှ အစိုးရစစ်ကြောင်းများနှင့် ဧပြီလဆန်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ လူသစ် စုဆောင်းမှုများကို ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် ဒေသခံတိုင်းရင်းသားများလည်း စိုးရိမ်ထိတ်လန့်နေကြရ ကြောင်း မန်စီမြို့ခံတစ်ဦးက ဆိုသည်။

`` ဒီ ချီဖွေမြို့နယ်ထဲမှာလည်း လူသစ်ဆွဲခံရတာ ရာကျော်သွားပြီလို့ ကြားတယ်၊ ဇန်နောင်ယန်ကျေးရွာမှာ ဆိုရင် နေ့ခင်းကြောင်တောင် အတင်းဝင်ဆွဲသွားတယ်လို့ ပြောတယ်၊မန်တုံရွာနားက ရွှေမှော်တွေမှာလည်း အတင်းအဓမ္မ လိုက်ဖမ်းနေလို့ ထွက်ပြေးလာကြတယ်လို့ သိရတယ်။

အခုတလော KIA အဖွဲ့က လူသစ် စုဆောင်းတာတွေ ဆိုးဆိုး ၀ါးဝါးပြုလုပ်လာလို့ အားလုံးစိုးရိမ်ထိတ်လန့်နေကြတာပေါ့ ´´ ဟု ချီဖွေမြို့ခံ ကိုလနွန်ဂျာက ပြောသည်။

ပယင်းမှော်တွင် KIA မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ဒေသခံ ကချင်/ရှမ်း/လီဆူ တိုင်းရင်းသား (၅၀) ဦးခန့်ရှိကြောင်းနှင့် ၎င်းမှော်မှတစ်ဆင့် ကောင်ဂျာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်သင်တန်းတက်ခိုင်းရန်ဖြစ် ကြောင်း အဆိုပါ မှော်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားပါသည်။

ကေကေ(တနိုင်း)

No comments:

Post a Comment