address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, April 6, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကေအိုင်အို၏ သဘောထား ကုလကိုယ်စားလှယ် မေးမြန်း


6.4.2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် ကေအိုင်အို ဗဟိုကော်မတီဝင်များနှင့် လိုင်ဇာမြို့၌ တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ကေအိုင်အို အဖွဲ့အစည်း၏ သဘောထားကို မေးမြန်းခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန်းဆန်အောင်က ပြောကြားသည်။

ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ်မစ္စတာ ဗီဂျေနမ်ဘီးယား အနေနှင့် ဧပြီလ ၂၄ ရက်နေ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အစည်းအဝေးတွင် မြန်မာနိုင်ငံအရေး၊ ကချင်ပြည်နယ် အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်မှု ဖြစ်စဉ်များကို တင်ပြသွားမည် ဖြစ်သည့်အတွက် ယခုကဲ့သို့ ကေအိုင်အို ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ဦးအင်ရှန်းဆန်အောင်က ဆက်လက် ပြောကြားသည်။
“ကုလကိုယ်စားလှယ်ကတော့ ဒီကအသံတွေကို လာနားထောင်တဲ့ သဘောပါ။ ကေအိုင်အို လူကြီးတွေဘက်က အစိုးရကသာ ငြိမ်းချမ်းရေး တကယ်လိုချင်ရင် အဆင်သင့်ရှိတယ် ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

ကေအိုင်အို ဗဟိုကော်မတီဝင်များ အနေနှင့် အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကတိအတိုင်း လိုက်နာ ဆောင်ရွက်မှုများမှာ နှောင့်နှေးလျက် ရှိပြီး တပ်မတော် ဘက်ကလည်း ဆွေးနွေးပွဲများ၌ ထားရှိသည့် ကတိကဝတ်များကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်းကို ကုလကိုယ်စားလှယ်ကို ပြန်လှန် ဆွေးနွေးခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက် ပြောကြားသည်။

ကုလကိုယ်စားလှယ် လိုင်ဇာသို့ ရောက်ရှိကာ ကေအိုင်အို ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးနေသော ရက်များအတွင်း ကေအိုင်အေနှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ် မသိရှိရသေးကြောင်း ကေအိုင်အို အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် ကေအိုင်အို နည်းပညာ အဖွဲ့ရုံး (TAT) တာဝန်ရှိသူများနှင့်အတူ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာသို့ ဧပြီလ ၂ ရက်နေ့က တစ်ညအိပ်ခရီး သွားရောက်ခဲ့ကြောင်း ကေအိုင်အို နည်းပညာအဖွဲ့ (TAT) ထံမှ စုံစမ်းသိရှိရသည်။

ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ်အနေနှင့် ယခုတစ်ကြိမ် လိုင်ဇာမြို့သို့ သွားရောက်ခြင်းသည် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပေ။

၎င်းသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းကလည်း လိုင်ဇာသို့ သွားရောက်ကာ ကေအိုင်အို ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

The Voice Weekly

No comments:

Post a Comment