address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, April 4, 2014

မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ဘာသာကြီးလေးခု ခေါင်းဆောင်များ ဆောင်ရွက်မည်




4.4.2014

မြန်မာနိုင်ငံရှိ ကလေးသူငယ် အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဟိန္ဒူဘာသာစသည့် ဘာသာကြီးလေးခုက ဘာသာရေး အကြီးအမှူးများ ဆောင်ရွက်မည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ပြုလုပ်ခဲ့သော “ယုံကြည်ဆောင်ရွက် ကလေးများအတွက်” နိုင်ငံတော်အဆင့် စုံညီဆွေးနွေးပွဲတွင် ဘာသာရေး ခေါင်းဆောင်များက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ဘာသာကြီး လေးဖွဲ့၏ ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံကာ ကလေးသူငယ် အခွင့်အရေးကို ဆောင်ရွက်ရန်အတွက် ကျန်းမာရေး ပညာပေးခြင်း၊ အဆင့်မီပညာ သင်ကြားနိုင်ရေးနှင့် ကလေးသူငယ် အခွင့်အရေး ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော ကြေညာ စာတမ်းတွင် ဖော်ပြထားရှိသည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ကူညီပံ့ပိုးမှုဖြင့် ယုံကြည်ဆောင်ရွက် ကလေးများအတွက် (Faith for Children) စီမံကိန်းကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင် ကလေးသူငယ်များနှင့် မိဘအုပ်ထိန်းသူများကို ကလေးသူငယ် အခွင့်အရေးနှင့် ဆက်နွှယ်သော အသိပညာပေး အစီအစဉ်များကို ထည့်သွင်း ဆောင်ရွက်နေကြောင်း ရတနာ့ မေတ္တာအဖွဲ့၏ စီမံကိန်းအရာရှိ ဒေါ်ကြည်ကြည်ခင်က The Voice သို့ ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ရတနာ့ မေတ္တာအဖွဲ့သည် ၂၀၁၃ ဇူလိုင်လမှ၂၀၁၄ ဇွန်လထိ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ဘားအံ၊ သထုံမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၉၉၅ ရွာမှ ဘုန်းကြီးကျောင်း သုံးထောင်ကျော်တွင် လုပ်ဆောင်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။
“ဗုဒ္ဓဘာသာက ကလေးသူငယ်တွေအတွက် ရဟန်းတော်တွေကတစ်ဆင့် ပညာပေးလုပ်တာ အောင်မြင်တဲ့အတွက် အခြားဘာသာဝင်တွေလည်း ဘာသာရေး ခေါင်းဆောင်တွေက တစ်ဆင့် ဒီလို လုပ်နိုင်အောင် ဘာသာကြီးလေးခုက ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြတာပါ” ဟု ဒေါ်ကြည်ကြည်ခင်က ဆိုသည်။

ရတနာ့ မေတ္တာအဖွဲ့က လုပ်ဆောင်နေသော စီမံကိန်းတွင် အသုံးပြုလျက်ရှိသော “ယုံကြည်ဆောင်ရွက် ကလေးများအတွက်” စာအုပ်ကဲ့သို့ အခြားဘာသာကြီး သုံးခုက သက်ဆိုင်ရာ ဘာသာ၏ အဆိုအမိန့်များ၊ တရားတော်များနှင့် ပြည်သူ့နီတိများကို ထည့်သွင်း အသုံးပြုထားသော ဘာသာရေး စာအုပ်များကို ပြုစု၍ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရတနာ့မေတ္တာ အဖွဲ့ထံမှ သိရှိရသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင် အသုံးပြုလျက်ရှိသော “ယုံကြည်ဆောင်ရွက် ကလေးများအတွက်” ဘာသာရေး စာအုပ်ကို ဗုဒ္ဓဘာသာ ဆရာတော်များက ရေးသားခြင်း ဖြစ်ပြီး စာအုပ်ပါ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ကိန်းဂဏန်း အချက်အလက် များကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ပံ့ပိုးခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment