address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, April 27, 2014

အပစ်ရပ် ဆွေးနွေးမှု NCCT အဆုံးအဖြတ်အတိုင်း ဆက်လုပ်မည်ဟု ကေအိုင်အိုပြော


27.4.2014

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြန်လည် သုံးသပ်မည်ဟု ပြောဆိုထားသော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက အပစ်ရပ် ဆွေးနွေးမှုများကို NCCT (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ၏ အဆုံးအဖြတ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

ဧပြီလဆန်းပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အို/ကေအိုင်အေအကြား တိုက်ပွဲအချို့ ပြန်လည် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ များကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ပြီး စစ်ရေးအရ ဆက်လက် ဖိအားပေးလျှင် လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုထားသည်။
“NCCT ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက Mandate ပေးထားပြီးသား။ သူ့အပေါ်မှာ အဓိက မူတည်မယ်” ဟု ဦးဒေါင်ခါးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် တစ်ခုတည်းသော သဘောတူစာချုပ် ပူးတွဲရေးဆွဲနေသော NCCT အနေနှင့် မေလလယ်ခန့်တွင် အစိုးရနှင့် ထပ်မံတွေ့ဆုံသွားမည် ဖြစ်ပြီး ယင်းမတိုင်မီ ဧပြီလ ၂၈ ရက်နေ့ မှစတင်၍ ကော်မတီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပွားနေသော ပြဿနာများနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ပြောကြားသည်။

ကေအိုင်အိုကမူ အစိုးရ၏ ပြုပြင် ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လမ်းစဉ်မှာ တပ်မတော်က ချမှတ်ထားသော ငြိမ်းချမ်းရေး မူဝါဒ ခြောက်ရပ်ကြောင့် အဟန့်အတား ဖြစ်နေကြောင်း၊ ယင်းမူဝါဒများတွင် တည်ဆဲ ဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေကို လိုက်နာရန်ဆိုသော အချက်ကို တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှအပ တစ်တိုင်းပြည်လုံး လက်မခံကြောင်း ဦးဒေါင်ခါးက မှတ်ချက်ပြုသည်။

သို့သော် တပ်မတော်က ချမှတ်ထားသော ငြိမ်းချမ်းရေး မူဝါဒ ဆိုသည်မှာ တရားသေ စွဲကိုင်ထားချက်များ မဟုတ်ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားထားသည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် သြဂုတ်လ မတိုင်ခင် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ရန် ပြောဆိုထားသော်လည်း ကေအိုင်အိုနှင့် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF တို့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ 

The Voice Weekly

No comments:

Post a Comment