address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 30, 2014

ထိုင်းနှင့် တရုတ်ဝယ်ယူမှုကြောင့် မွန်မှ သလင်းကျောက်ရှာသူများ အလုပ်အကိုင်ရရှိနေ




30.9.2014

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအနီးမှ ထွက်သည့်သလင်းကျောက်များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀ယ်ယူမှုများပြားလာခြင်းကြောင့် ဒေသတွင်း သလင်းကျောက်ရှာဖွေသူများနှင့်အချောထည် ကျောက်သွေးလုပ်ကိုင်သူများ အလုပ်အကိုင်ရရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကျောက်သွေးအလုပ်သမားတစ်ဦးကို တစ်နေ့ကျပ် ၅၀၀၀ ရတယ်။ ကျွမ်းကျင်ရင် ၈၀၀၀ ရတယ်။ သလင်း ကျောက် အရိုင်းရှာဖွေတဲ့သူတွေဆို တစ်ပိဿာကို တစ်သိန်းလောက်ရတယ်။ အလုံးသေးဆိုရင် တစ်သောင်း လောက်ရတယ်။ ကျောက်အချောထည်သွေးပြီးသား ပစ္စည်းကိုတော့ မန္တလေးမှ တရုတ်ကို ပို့တယ်။ ကျောက်သွေးအချောထည်လုပ်ငန်းကတော့ အမြဲရှိနေပါတယ်။” ဟု ကျောက်သွေးခုံတည်ထားသည့် သိမ်ဇရပ်ကျေးရွာမှ ကိုဇော်မင်းက ပြောသည်။

သလင်းကျောက်များကို သိမ်ဇရပ်ကျေးရွာအနီး တောတောင်များမှ ရှာဖွေတူးဖော်၍သော်လည်းကောင်း၊ ရွှေတွင်း တူးဖော်သူများထံမှ မြေစာများတွင်လည်း ပါလာတတ်၍ ရွေးချယ်ဝယ်ယူလာပြီး အကြမ်းထည်အဆင့် အရည်အသွေးကောင်းပါက ကျောက်သွေးစက်ဖြင့် ဘုရားဆင်းတုတော်များ၊ ဘုရားစိန်ဖူးတော်များ၊ မျက်မှန်၊ ပုတီးနှင့် အခြားလက်ဝတ် ရတနာပစ္စည်းများပြုလုပ်ကာ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချလျက်ရှိသည်။

“ကျွန်တော် ဒီလုပ်ငန်းလုပ်လာတာ အနှစ်(၂၀)လောက်ရှိပြီ အရင်က ကုန်ကြမ်းပေါများတယ်။ ပြည်တွင်းဈေး ကွက်လောက်ပဲရှိတယ်။ အခုပြည်ပဈေးကွက် ရလာတာသုံးလေးနှစ်လောက်ပဲရှိသေးတယ်။ ဒါကြောင့် ရှာဖွေသူ၊ ကျောက်စက်ခုံတည်ထောင်သူတွေပေါလာတယ်၊ အခုကုန်ကြမ်းနည်းနည်းရှားလာတယ်။ ဒါပေမယ့် အားလုံး အဆင်ပြေကြတယ်။” ဟု သိမ်ဇရပ်ကျေးရွာမှ ကိုတင်စိုးက ပြောသည်။

သလင်းကျောက်ကို ဒေသအခေါ်အဝေါ်အရ မြိုင်စိန်ဟုခေါ်ပြီး သိမ်ဇရပ် ကျေးရွာတွင် ကျောက်သွေးစက်ခုံ ဒိုင်(၃၀) ဦးခန့်ရှိပြီး တစ်နှစ်ပတ်လုံး လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း ကျောက်သွေးစက်ခုံ ပိုင်ရှင်များက ပြောသည်။

Shwe Myitmakha Media Group

No comments:

Post a Comment