address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 2, 2014

UNFC နှင့် ပူးပေါင်းပါဝင်မှုကို KNU ယာယီရပ်ဆိုင်း


2.9.2014

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ ဖွဲ့စည်းပုံသည် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ မူများနှင့် ကိုက်ညီမှုမရှိသည့်အတွက် UNFC နှင့် ပူးပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းထားကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ယနေ့ ပြောဆိုလိုက်သည်။

“ကျနော်တို့ UNFC ကနေ နုတ်ထွက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ညီလာခံမှာ ကျနော်တို့တင်ပြတဲ့ UNFC ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြန်လည်းသုံးသပ်ရမှာတွေရှိတဲ့အတွက် လက်ရှိ KNU အနေနဲ့ UNFC နဲ့ ပူးပေါင်းပါဝင်မှု ကို ခဏတာ ရပ်ဆိုင်းထားခြင်းသာ ဖြစ်ပါတယ်။ UNFC ရဲ့ လက်ရှိ ဖွဲ့စည်းပုံဆိုရင် ပူးပေါင်းပါဝင်သင့်၊ မသင့် KNU ရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ပြန်ဆုံးဖြတ်မှာပါ”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

UNFC ၏ ညီလာခံတွင် KNU အနေဖြင့် တိုင်းရင်းသားများ၏ စုဖွဲ့မှု အားကောင်းရန် တိုင်းရင်းသားများ အတူတကွ ဦးဆောင်ပြီး ညှိနှိုင်းစုဖွဲ့ အထောင်အထည်ဖော်သွားမည့်မှုများနှင့် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီသည့် မူများကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် စသည့်အချက်များကို အခြေခံသည့် စာတမ်းတစ်စောင် တင်ပြခဲ့သည်ဟု သိရသည်။

ထိုသို့ တင်ပြရာတွင် ဆွေးနွေးနေဆဲဖြစ်သော UNFC ၏ Top Down ပုံစံ ဖွဲ့စည်းပုံမျိုးမဟုတ်သည့်အတွက် ကျန်ရှိသော အဖွဲ့ဝင်များ၏ သဘောထားကွဲလွဲမှုများရှိကာ ယနေ့နောက်ဆုံးပြုလုပ်မည်ဖြစ်သော ညီလာခံကို KNU က ဆက်လက်မဆွေးနွေးတော့ပဲ ညီလာခံမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကျန်တဲ့သူတွေကတော့ အရင်သုံးနှစ်တာကာလ ဖွဲ့စည်းထားတဲ့ UNFC ဖွဲ့စည်းပုံအတိုင်း သွားချင်တယ်။ အခု KNU တင်တဲ့ဟာက အမြဲတမ်း ဥက္ကဌ မရှိဘူး။ အမြဲတမ်း ဗဟို အလုပ်ဆောင်အဖွဲ့တွေ မရှိတော့ဘဲ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး အဖွဲ့တွေကို လွတ်လပ်ပေးစေချင်တဲ့ သဘော ပေါ့ဗျာ။ အဲဒီအပေါ်မှာအမြင်မတူကြတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

KNU တင်ပြထားသည့် အချက်များနှင့်ပတ်သက်၍ အများစု လက်ခံနိုင်သည့် အချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးသွားကြမည်ဖြစ်ပြီး ကျန်ရှိသည့်အဖွဲ့ဝင်များမှ အချက်အားလုံးကို လုံးဝလက်မခံသည့် အနေအထားမျိုး မဟုတ်ကြောင်းလည်း နိုင်ဟံသာက ဆက်ပြောသည်။

ယခု KNU အနေဖြင့် ညီလာခံ ဆက်မတက်သော်လည်း လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ထိခိုက်သွားမည်မဟုတ်သလို KNU သည် ဗဟိုကော်မတီအစည်းအဝေးများ ပြန်လည်ခေါ်ယူပြီး UNFC နှင့်အတူ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍနှင့် လက်ရှိတင်ပြထားသော မူများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးသွားမည်ဖြစ်သည်ဟု KNU က ဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ KNU ရဲ့မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာ တူတာကို တွဲလုပ်၊ မတူတာကို ခွဲလုပ်ပြီး ပူးပေါင်းတဲ့နေရာမှာလည်း အဖွဲ့အစည်းအားလုံးအတွက် အကျိုးဖြစ်စေရမယ်။ နောက်ပြီး ကျနော်တို့အဖွဲ့အစည်းရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး မဖြစ်စေရဘူးဆိုတဲ့ မူက လည်း ရှိထားပြီးသား ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ ထိခိုက်လာနိုင်ခြင်းမရှိပါဘူး”ဟု ဖြည့်စွက်ပြောဆိုသည်။

ညီညွတ်သောတိုင်းရင်းသား တိုင်းရင်းသားလူမျိုးများ၏ ပထမအကြိမ်ညီလာခံအဖြစ် သြဂုတ် ၂၅ရက်မှ ၂၈ ရက်နေ့အထိ ပြုလုပ်ပြီး တဆက်တည်းမှာပင် သြဂုတ် ၃၁ရက်နေ့မှ ယခု စက်တင်ဘာ ၁ရက်နေ့အထိ ညီလာခံ ဆက်လက်ပြုလုပ်ကာ ကျန်ရှိသော ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ယနေ့ အပြီးဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီ၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် KIO, KNPP, KNU, NMSP, CNF, SSPP-SSA, PNLO, PSLF, LDU, ANC, WNO, MNDAA ဟူ၍ အဖွဲ့ဝင် ၁၂ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၅ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရခိုင်တပ်မတော်(AA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဖြင့် ပါဝင်လျှက်ရှိသည်။

ကေအိုင်စီ

No comments:

Post a Comment