address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 18, 2014

ကေအဲန်ယူ ဘယ်လဲ


18.9.2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအဲန်အက်ဖ်စီ) အစည်းအဝေး တက်ရောက်နေရာမှ ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးနောက်တွင် ကေအဲန်ယူသည် ယူအဲန်အက်ဖ်စီအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက် ကြောင်း ထုတ်ပြန်ချက် ထွက်လာသောအခါ တိုင်းရင်းသားနိုင်ငံရေးကို စိတ်ဝင်စား လေ့လာလျှက်ရှိသော လူထုများအကြားတွင် အံ့သြတကြီးဖြစ်သွားကြသည်။ စိုးရိမ်မှုများလည်း ရှိကြပုံရသည်။ ယင်းတွင် စာရေးသူလည်း တဦးအပါအ၀င်ပင်။ 


ကေအဲန်ယူအတွက် ဤသို့ အရေးကြီးလာသည့်အချိန်တွင် စာရေးသူသည် နှစ်ပေါင်းများစွာ ကေအဲန်ယူ ဥက္ကဌ တာဝန်ထမ်း ဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးစောဘိုမြကို သတိရမိသည်။ ရှစ်လေးလုံး အရေးတော်ပုံပြီးသည့် နောက် ၁၉၈၉ခုနှစ်အတွင်း မာနယ်ပ လော လွတ်မြောက်ဒေသကို စတင်ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ စာရေးသူသည် ဗိုလ်ချုပ်ကြီးမြကို လေ့လာခွင့်ရခဲ့သည်။

ယောက်ျားပီသ၊ တိကျပြတ်သား ခန့်ညားသော ဥပဓိရုပ်ရှိရုံသာမက သတ္တိ ဗျတ္တိနှင့် ပြည့်စုံပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ တိုင်းမှနေ၍ အလယ်ပိုင်းတောင်ငူခရိုင် ရောက်သည်အထိ အသွားအပြန်ခြေလျင်လျှောက်ကာ တောက်လျှောက်စစ်တိုက်ခဲ့သူ စစ်သူကြီးတဦးဖြစ်သဖြင့် မဟာမိတ် တပ်ပေါင်းစု ခေါင်းဆောင်များအားလုံးက သူ့ကို လေးစားခဲ့ကြရသည်။

သူ ဦးဆောင်တည်ထောင်ခဲ့သည့် နိုင်ငံရေးတပ်ပေါင်းစု အရှိန်အ၀ါနောက်ခံတွင် မာနယ်ပလောလွတ်မြောက် နယ်မြေကြီး ထီးထီးမားမား ပေါ်ထွက်လာခဲ့သောအခါ ကရင့်တော်လှန်ရေးအလံသည် တပ်ပေါင်းစု၏ ထိပ်တွင် တလူလူ လွင့်ပျံခဲ့သည်။ 

ကရင်အမျိုးသားတိုင်းဂုဏ်ယူဘွယ်ရာ ဖြစ်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးမြ ဦးဆောင်သည့် ကေအဲန်ယူ၏ ထိပ်ပိုင်းခေါင်း ဆောင်များသည် နိုင်ငံရေးတပ်ပေါင်းစုကို ရင်ဝယ်သားသဖွယ် ချစ်မြတ်နိုးခဲ့ကြသည်။ တပ်ပေါင်းစုနှင့် အောင်ပွဲခံရမည် ဟူသော နိုင်ငံရေးကြွေးကြော်သံကို စိုက်ထူခဲ့ကြသည်။ နိုင်ငံရေးစစ်ရေး အခက်အခဲ အကြပ်အတည်း အမျိုးမျိုးအကြားမှပင် တပ်ပေါင်းစု အဖုံဖုံကို တည်ဆောက်နိုင်၊ ဦးဆောင်နိုင်ခဲ့ကြသည်။ ကိုယ်လိုချင်တာမရ၍ တပ်ပေါင်းစု အစည်းအဝေးမှ ထွက်ခွာခဲ့သည့် ဖြစ် ရပ်မျိုးကို စာရေးသူ မကြားမိခဲ့ဘူးပါ။

ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့် ထိုစဉ်က ကေအဲန်ယူခေါင်းဆောင်များတွင် ထူးခြားချက်သုံးရပ်ရှိသည်။ တရပ်မှာ တော်လှန် ရေးအမြင်ဖြစ်သည်။ ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားထု တခုတည်းအတွက်သာ မဟုတ်ဘူး၊ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးအတွက်ဖြစ်တယ် ဟူ၍ ဗိုလ်ချုပ်ကြီးမြ၏ ကြုံးဝါးသံကြီးအောက်တွင် အခြားတိုင်းရင်းသားခေါင်းဆောင်များ သာမက ဒီမိုကရေစီအင်အားစုများ အားလုံးအတွက် အားဆေးကြီးဖြစ်စေခဲ့သည်။ ကေအဲန်ယူခေါင်းဆောင်များတွင် ကျယ်ပြန့် သော အမျိုးသားရေးအမြင်၊ တော်လှန်ရေးအမြင် ရှိကြသည်ဟူ၍ အားလုံးက လေးစားခဲ့ကြသည်။

အခြားတရပ်မှာ ရန်သူအပေါ် အမြင်ရှင်းခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ရန်သူဟူ၍ ရှင်းလင်းစွာ မြင်ခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် ၍ မရနိုင်ဟူသည်ကို ကောင်းစွာ သိမြင်ကြသည်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် ကြိုးစားခြင်းမှာ ယခုမှ ပေါ်လာသည့် နိုင်ငံ ရေးယဉ်ကျေးမှုသစ်မဟုတ်။ ၁၉၅၆ခုနှစ်မှစတင်၍ ကေအဲန်ယူ ပါဝင်ဖွဲ့စည်းခဲ့သော မဒညတ တပ်ပေါင်းစုခေတ်ကထဲက စတင် ကျင့်သုံးရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ တော်လှန်ရေးကောင်စီခေတ် ဆွေးနွေးပွဲများ ပျက်ပြားပြီးနောက်ပိုင်းတွင်လည်း ကောင်း၊ ရှစ်လေးလုံး အရေးအခင်းကြီးပြီးသည့် နောက်ပိုင်းတွင်လည်းကောင်း တပ်ပေါင်းစုအနေဖြင့်ဖြစ်စေ၊ ကေအဲန်ယူအနေ ဖြင့်ဖြစ်စေ၊ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ထိုစဉ်က စစ်အာဏာရှင်များသည် ကေအဲန်ယူ ဦးဆောင် ခဲ့သည့် တိုင်းရင်းသား တပ်ပေါင်းစုများနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရဲခဲ့ခြင်းမရှိပါ။ အကြောင်းတချက်မှာ ဗိုလ်ချုပ်ကြီးမြနှင့် သာ မျက်နှာချင်းဆိုင်ဆွေးနွေးခွင့်ရပါက "မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို ခင်ဗျားတို့ အရင်စွန့်လွှတ်ကြပါ"ဟူ၍ ၎င်း က ပြတ်ပြတ်သားသား အရင်ဆုံး စတင် ပြောဆိုဖွယ်ရှိသောကြောင့်ပင်။ 

နောက်ဆုံးတရပ်မှာ ပြည်ထောင်စုတခုလုံးကို လွှမ်းခြုံမည့် နိုင်ငံရေးဆွေးနွေးပွဲကို တပ်ပေါင်းစုနှင့်သာ လုပ်ဆောင်မည်ဟူသည့် အပေါ် ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့် ကေအဲန်ယူခေါင်းဆောင်များက ခိုင်ခိုင်မာမာ စွဲကိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖြင့် မာနယ်ပလော လွတ်မြောက်နယ်မြေ ကျဆုံးသွားခဲ့သော်လည်း ကေအဲန်ယူ၏ နိုင်ငံရေးအလံသည် တောက် လျှောက်မြင့်ခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် အခြားအဖွဲ့အစည်းများ၊ ခေါင်းဆောင်များ သည် ကေအဲန်ယူဘေးတွင် ၀န်းရံခဲ့ကြရသည်ဟု ဆိုနိုင်သည်။ ယခု ကေအဲန်ယူခေါင်းဆောင်များသည် ရှေ့ခရီးကို မည်သို့ ဆက်ကြပါမည်နည်း။ ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့်ခေတ်က ကေအဲန်ယူ ခေါင်းဆောင်များကဲ့သို့ ကျယ်ပြန့်၊ ခိုင်မာ၊ ရှင်း လင်းသောအမြင်များ ဆက်လက် စွဲကိုင်ထားကြပါသေးရဲ့လား ဟူသည်ကို စစ်ကြောရန် လိုအပ်ကောင်း လိုအပ်ပါမည်။ 

အဘယ်ကြောင့် ယူအဲန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရခြင်းဖြစ်ကြောင်း လက်ရှိ ကေအဲန်ယူခေါင်းဆောင်တဦး၏ ရှင်းပြချက်ကို လေ့လာကြည့်ရာ အချက်နှစ်ချက်ကို သတိပြုမိသည်။ တချက်မှာ ကေအဲန်ယူမှာ အချုပ်အခြာအာဏာရှိကြောင်း နှင့် အခြားအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း ဟူ၍ ဖြစ်သည်။ အချုပ်အခြာအာဏာကို အင်္ဂလိပ်ဘာသာ နှင့် Sovereignty ဟုခေါ်သည်။ အချုပ်အခြာအာဏာကို အဖွဲ့အစည်းတရပ်နှင့် ယှဉ်တွဲသုံးစွဲ၍ မရနိုင်ပါ။ တိုင်းပြည်နှင့်သာ ယှဉ် တွဲသုံးစွဲရသည်။ ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်ပြီးဖြစ်ပါက ပြည်နယ်တခုလုံးအနေဖြင့်ပင် ယှဉ်တွဲသုံးစွဲ၍ မရနိုင်ပါ။ ငါတို့ ပြည်နယ်မှာ အချုပ်အခြာ အာဏာရှိတယ်ဟု ပြော၍ မရနိုင်ပါ။ မိမိတို့အဖွဲ့အစည်းအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်ဟု ပြော ခြင်းကိုမူ လက်ခံရပါမည်။

သို့ရာတွင် ယင်းကိုယ်ပိုင်ဆုံးဖြတ်ခွင့်သည်ပင် ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့်ခေတ်က ကေအဲန်ယူခေါင်းဆောင်ကြီးများ ကိုင်စွဲ ခဲ့သည့် မူတို့နှင့်ညီမညီကိုမူ လက်ရှိကေအဲန်ယူ ခေါင်းဆောင်များ ပြန်လည် စဉ်းစားကောင်း စဉ်းစားကြလိမ့်မည်ဟု မျှော်လင့်ရုံမှ တပါး စာရေးသူတွင် မည်သို့မျှ ပြောပိုင်ခွင့်မရှိပါ။ ဤသည်မှာ ကေအဲန်ယူ၏ ကိစ္စသာဖြစ်ပါမည်။

ဒုတိယတချက်မှာ Top Down စနစ်ကို လက်မခံ၊ ညှိနိုင်းဆုံးဖြတ် အကောင်အထည်ဖေါ်တဲ့စနစ်ကို ကျင့်သုံးသွားမယ်။ တူတာ ပူးပေါင်းလုပ်ပြီး မတူတာ ခွဲလုပ်သွားမယ် ဟူသော မူဝါဒကို တင်လာခြင်းဖြစ်သည်။ ဤသည်ကိုမူ ပြည်ထောင်စုတစ်ရပ်လုံး၏ အကျိုးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကျိုးတို့ကို ထောက်ထားကာ ကေအဲန်ယူခေါင်းဆောင်များ ကိုယ်တိုင်သော်လည်းကောင်း၊ အများပြည်သူတို့အနေဖြင့်လည်းကောင်း၊ စဉ်းစားခွင့်ရအောင် သုံးသပ်ရန် လိုအပ်လာသည်။ 

တူတာတွဲလုပ်၍ မတူတာ ခွဲလုပ်မည် ဟူသည်မှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအတွင်း အလျားလိုက် သို့မဟုတ် ဘေးတိုက် ဆက်ဆံရေးကို အဓိကထားတည်ဆောက်သွားမည့် သဘောဆောင်သည်။ ဤလိုမူမျိုးနှင့် ဆိုလျှင်မူ စစ်အာဏာရှင် စနစ်ကို မည်သို့မျှ အနိုင်တိုက်နိုင်ဘွယ် မရှိပါ။ မြန်မာနိုင်ငံ၏ အဓိကပြဿနာမှာ စစ်အာဏာရှင်များက တင်းကြပ်သော ဗဟိုချုပ် ကိုင်မှု Rigid Centralization ကို တည်ဆောက်ခြင်းကြောင့်ဖြစ်သည်။ ယင်းကို တုန့်ပြန်ရန် တော်လှန်ရေးအင်အားစုများက လည်း အပြိုင်အားဖြင့် အလားတူ တင်းကြပ်သော ဗဟိုချုပ်ကိုင်မှုကို တည်ဆောက်ရန်မသင့်ပါ။ 

သို့ရာတွင် သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှု Optimum Centralization ကိုမူ ရှာဖွေရန် လိုပါမည်။ တဖွဲ့ချင်းစီ၏ အကျိုးစီးပွား ကို အဓိကထားကာ ဘေးတိုက် ဆက်ဆံရေးကိုသာ တည်ဆောက်သွားမည်ဆိုလျှင် အင်အားစုများသည် ပြန့်ကျဲနေမည်ဖြစ်သ ဖြင့် မည်သည့်အခါတွင်မျှ စုစည်းနိုင်မည်မဟုတ်၊ အားကောင်းသော တပ်ပေါင်းစု ပေါ်ပေါက်နိုင်မည် မဟုတ်ပါ။ ကြည့်။ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်ပြီး တဖွဲ့ချင်း ထင်ရာလုပ်နေကြတာ၊ ကျုပ်တို့မြန်မာ့တပ်မတော်ကြီးရှိနေလို့သာ ပြည် ထောင်စုကြီးတည်မြဲနေတာ ဟူ၍ အာဏာရ စစ်ခေါင်းဆောင်များက လက်ညှိုးထိုးပြီး နိုင်ငံရေးအမြတ်ထုတ်၊ ၎င်းတို့အာဏာ သက်ဆိုးရှည်အောင်လုပ်နေသည်ကို အားပေးသည့်သဘောသာ ရောက်သွားနိုင်ကြောင်း စဉ်းစားသင့်ပါသည်။

ထို့အပြင် ကေအဲန်ယူသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တကယ်တမ်း လိုလားသည် မှန်ပါလျှင် ယခုမျက် မှောက်မှာကတည်းကပင် သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှု Optimum Centralization အား လက်တွေ့ ရှာဖွေကျင့်သုံးရန် လိုပါမည်။ တူတာတွဲလုပ် မတူတွဲခွဲလုပ်သည့် မူမှာ ကွန်ဖက်ဒရေးရှင်း Confederation ကိုသာ ဦးတည်ပါသည်။ မည်သည့်အခါတွင်မျှ ဖက်ဒရယ် ပြည်ထောင်စု မဖြစ်နိုင်ပါ။ အမေရိကန် ပြည်ထောင်စု တည်ဆောက်ခဲ့သည့် သာဓကကို လေ့ လာနိုင်ပါသည်။ ၁၃ပြည်နယ် ရှိခဲ့သည့်အနက် ပြည်နယ်တခုချင်းစီ၏ အကျိုးစီးပွားကိုသာ အဓိကထားကာ ဘေးတိုက်ဆက်ဆံ ရေးကိုသာ တည်ဆောက်ခဲ့သည့် ကွန်ဖက်ဒရေးရှင်းစနစ် မအောင်မြင်ခဲ့ပါ။ သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှုကို ရှာဖွေပြီး ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်အောင်မြင်ခဲ့သည်ကို သင်္ခန်းစာယူနိုင်ပါသည်။

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
စက်တင်ဘာလ (၃)ရက်၊ ၂၀၁၄ခုနှစ်။

ကေအိုင်စီ

No comments:

Post a Comment