address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 22, 2014

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှု အင်အားသုံး၍ တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ဆေးအရေးယူမည်



22.9.2014

မူးယစ်ဆေးဝါး သုံးစွဲနေမှုများ တဖြည်းဖြည်း များပြားလာသောကြောင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှုများကို အင်အားသုံး၍ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖမ်းဆီးအရေးယူသွားမည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေက တော်တော်လေး ပြန့်နှံ့လာတာဆိုတော့ စစ်ဆင်ရေးသဘောမျိုးနဲ့ အရှိန်အဟုန်မြင့် ဆောင်ရွက်ပြီး ဖမ်းဆီး စစ်ဆေးမှုတွေကို ပြုလုပ်သွားမယ်။ လက်ရှိမှာလည်း အဓိက ပြန့်နှံ့မှု အများဆုံး ဖြစ်နေတဲ့ ဧရိယာ ၃၃ ခု စစ်ဆင်ရေး ပြုလုပ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးရာ၌ တစ်နိုင်ငံလုံး အတိုင်းအတာတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ အင်အား ၁,၂၀၀ နီးပါး အသုံးပြုကာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း တပ်ဖွဲ့ ၅၀ နှင့် တစ် နိုင်ငံလုံးတွင် ဖြန့်ကျက်ကာ စောင့်ကြည့်နေသည်ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ၂၀၁၄ မေလတွင် ချင်းတွင်းဒေသများမှ စတင်ခဲ့ရာမှ တစ်နိုင်ငံလုံး အတိုင်းအတာထိ အရေးယူသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းနှင့် ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါးအများဆုံး ရောင်းဝယ်၍ရသည်ဟု ယူဆရသော နေရာများကို စစ်ဆင်ရေးအသွင်နှင့် စောင့်ကြည့်နေသည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်လည်း ကုန်းလမ်း နှင့်ရေလမ်းမှ ဝင်ရောက်နေသည့် လမ်းကြောင်း ခြောက်ခုနှင့် မူးယစ် ဆေးဝါးအများဆုံး အသုံးပြုနေသည့် ရန်ကုန်မြို့တွင်းမြို့နယ်လေးခုတွင် မူယစ်ဆေးဝါး ရှာဖွေစစ်ဆေးမည် ဖြစ်သည်။

၂၀၁၄ ခုနှစ် မေလ၌ ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင် စသည့်နေရာများတွင် မူယစ်ဆေးဝါးအမှု ၄၉ မှုနှင့် တရားခံ ၇၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိရာတွင် ဘိန်းဖြူ ၉၅ ဒသမ ၂၄ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေး ပြား ၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၁ ဒသမ ၃၈၉ ကီလို ဂရမ်နှင့် ဘိန်းဆီခဲ ၅၁ ဒသမ ၇ ကီလိုဂရမ်တို့ကို လည်းကောင်း၊ မန္တလေးတိုင်းတွင် မူးယစ်အမှု ၁၂၀ မှုနှင့် တရားခံ ၁၇၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရာ တွင် ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၁,၀၆၅ ပြား၊ အဆင့်နိမ့်ဘိန်း ၁ ဒသမ ၀၂ ဂရမ်၊ ဆေးခြောက် ၅ ဒသမ ၃ ဂရမ်၊ ဆူဒို အက်(ဖ်)ရင်း ၅ ဒသမ ၉ ကီလိုဂရမ်၊ ထရာမဒေါ ၈၈ တောင့် တို့ကိုလည်း ကောင်းဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည် နယ်များတွင် အများဆုံးတွေ့ရှိရပြီး ရန်ကုန်မြို့တွင် စိတ်ကြွဆေးပြား တစ်ပြားလျှင် အနည်းဆုံးငွေကျပ် ငါး ထောင်ခန့်(၅,၀၀၀) ပေးဝယ် ရသော်လည်း အဆိုပါ ပြည်နယ်များတွင် ငွေကျပ် (၁,၅၀၀) ဝန်းကျင်သာရှိကြောင်း၊ ဆေးပြားများကို အချို့သော ခေါင်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်ဟု အရပ်ဘက် အဖွဲ့များ က ဆိုသည်။

ယခင်က မူးယစ်ဆေးဝါးကို စိုက်ပျိုး ထုတ်ကုန်များအပေါ်တွင် အခြေခံသော်လည်း ယခုအချိန်တွင် ဓာတု ဆေးဝါးများပေါ် အခြေခံသည့် စိတ်ကြွရူးသွပ်ဆေးပြား၊ စိတ်ကျဆေး စသည်တို့ကို ထုတ်လုပ်လာမှု တွင်ကျယ်လာကြောင်း၊ ထို့ပြင် အဆိုပါဆေးဝါးများသည် ဘိန်း၊ ဆေးခြောက်များကဲ့သို့ ထုတ်လုပ်ရန် နေရာ ကျယ်ကျယ်ပြန့်ပြန့် မလိုဘဲ အခန်းကျဉ်းလေးထဲတွင် ဓာတုပစ္စည်းများဖြင့် ထုတ်လုပ်နိုင်သောကြောင့် ပို၍ ဖမ်းဆီးရန် ခက်ခဲကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ၀င်းခေါင်က စက်တင်ဘာ ၂ရက်တွင် မဇ္ဈိမကို ပြောသည်။

Mizzima

No comments:

Post a Comment