address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, September 3, 2014

ရန်ကုန်တိုင်းရှိ တကသ ကျောင်းသားများ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန္ဒပြ



3.9.2014

ဒဂုံတက္ကသိုလ်ကျောင်း သားများ သမဂ္ဂမှ ဦးဆောင်၍ ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)များမှ ကျောင်းသား တစ်ရာကျော် စုပေါင်း၍ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဒဂုံတက္ကသိုလ်တွင် စက်တင်ဘာ ၂ ရက် နေ့လယ်က ပထမဆုံးအကြိမ်ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲ မစတင်မီ နံနက် ၈ နာရီခွဲတွင် လာရောက်တားဆီးသည့် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှဌေးအပါအ၀င် ဌာနမှူးများ၊ ဆရာများနှင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဆွေးနွေးခဲ့ပြီးနောက် မွန်းတည့်၁၂ နာရီမှ စတင်၍ ဒဂုံတက္ကသိုလ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

‘‘ဒါမျိုး မဖြစ်သင့်ဘူး။ အမျိုး သားပညာရေးဥပဒေက ဘယ်သူ ပြဋ္ဌာန်းလဲ။ ဘယ်က ပြဋ္ဌာန်းလဲ။ လွှတ်တော်က ပြဋ္ဌာန်းတာ။ ကျွန်တော်တို့က တာဝန်ပေးတာ လုပ်တဲ့အဖွဲ့ပါ။ ကျွန်တော့်ဆီက ဘာမှမဖြစ်ဖို့က ကျွန်တော့်တာ ၀န်။ ကျွန်တော်တို့ထက် အတွေ့ အကြုံများတဲ့၊ ဉာဏ်ရည်များတဲ့ လွှတ်တော်က ပြဋ္ဌာန်းတာပါ။ ကလေးတွေအနေနဲ့ နည်းနည်း လွဲနေတယ်လို့ မြင်ပါတယ်။ မနက်က သွားတားတာပါ။ ဆရာ့ဆီကိုလည်း ခွင့်မတောင်းပါဘူး’’ဟု ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ပြောသည်။

ကျောင်းသူ၊ ကျောင်းသား များသည် မွန်းတည့် ၁၂ နာရီတွင် ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂရုံးခန်းမှ စတင်၍ ဘာ သာရပ်အဆောင်များကို လှည့် လည်ပြီး ဒဂုံတက္ကသိုလ်ရေပန်းအ ၀ိုင်း၌ အဆုံးသတ်ခဲ့သည်။ ဘာသာရပ်အဆောင်ဌာနများ ရှေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များက အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ရသည့်ကြောင်းမိန့်ခွန်းပြောကြားခဲ့ကြသည်။

ဆန္ဒပြကျောင်းသားများသည်အမျိုးသားပညာရေး ကော်မရှင် ဖျက်သိမ်းပေး၊ အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အလိုမရှိ၊ ကျောင်းသားသမဂ္ဂလွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊အစိုးရ၊ လွှတ်တော်နှင့် NNER တွေ့ဆုံညှိနှိုင်းရေးစသည့် အချက်များကို တောင်းဆိုခဲ့ကြ သည်။

ဆန္ဒထုတ်ဖော်ရာတွင် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်သည့်အနေဖြင့် ဘွဲ့ဝတ်စုံဝတ်ဆင်ထားသည့် ကျောင်းသူ၊ ကျောင်းသားသုံးဦးက အ၀တ်ဖြင့် မျက်လုံး၊ ပါးစပ်တို့စည်းထား၍ လက်နှစ်ဖက်ကို တိတ်ဖြင့်ကပ်ကာ ဘွဲ့လက်မှတ်ကို ကိုင်ထားပြီး၎င်းတို့ကို ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်နှင့် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ကျောင်းသားနှစ်ဦး၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာပေါင်းစပ်ညှိနှိုင်းရေး ကော်မတီနှင့် အမျိုးသားပညာရေးကော်မရှင်ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ကျောင်းသားများက အဆင့်ဆင့်ကြိုးဖြင့် ချိတ်ဆွဲထားသည့် သရုပ်ဖော်ပြကွက်ကို ပြု လုပ်ခဲ့ကြသည်။

‘‘ပွဲတစ်ခုလုံးအနေနဲ့က တော့ အောင်မြင်တယ်လို့ ပြော လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ တောင်းဆိုထားတဲ့ လေးချက် လုံး မအောင်မြင်မချင်း အောင် မြင်တယ်လို့ မယူဆသေးပါဘူး။ ဒီနေ့ဆို ထားဝယ်မှာလည်း ကန့် ကွက်တဲ့ပွဲလုပ်တယ်။ ဒဂုံမှာလည်းလုပ်တယ်။ တောင်းဆိုချက်ကို အစိုးရရော၊ လွှတ်တော်ရော နားထောင်ပေးစေချင်ပါတယ်။ မလုပ်ရင်တော့ ဒီထက်ပိုပြင်းထန် တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ် သွားပါမယ်’’ဟု ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကိုမင်း သုခက ပြောသည်။

တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကျောင်းသားများ ဆန္ဒထုတ်ဖော်သည့် လမ်းတစ် လျှောက်တွင် တက္ကသိုလ်လုံခြုံ ရေးဝန်ထမ်းများ၊ အရပ်ဝတ် သတင်းတပ်ဖွဲ့ဝင်များ လိုက်ပါ၍ ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း၊ ဘာသာရပ်အဆောင်များတွင် အဆောင် တံခါးပိတ်၍ ဆရာ၊ ဆရာမများအား လုံခြုံရေးတာဝန်ချထားခြင်းနှင့် တက္ကသိုလ်ပရ၀ဏ်အတွင်း ၀င်ရောက်လာသည့်ကားများကို စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဆန္ဒထုတ်ဖော်သည့် ကျောင်းသူ၊ ကျောင်းသားများကိုမူ တားဆီးခြင်းမရှိခဲ့ပေ။

‘‘ဒီဆန္ဒပြပွဲက အာဏာရ အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲ မဟုတ်ဘူး။ ပညာရေးနယ်ပယ်ကကျောင်းသားတွေက သူတို့ရင်ထဲက ခံစားချက်ကို ဆန္ဒဖော် ထုတ်တာ။ ဆန္ဒပြပွဲတွေက ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ လွှတ်တော်ကို တွန်းအားပေးတဲ့ လှုပ်ရှားမှုလို့ မြင်တယ်။ ပြီးတော့ ထူးခြားတာက ဆန္ဒပြပွဲမှာ ကျောင်း လုံခြုံရေးပဲ တွေ့တယ်။ အရပ် ၀တ်နဲ့ စအဖတွေလောက်ပဲ ရှိ တယ်။ ရဲဝတ်စုံနဲ့ လုံခြုံရေးမတွေ့ ရဘူး။ အရင်စစ်အစိုးရခေတ်က ဆန္ဒပြပွဲတွေမှာဆို ကျောင်းထဲ မှာ လုံထိန်းတပ်တွေရှိတာ၊ စစ် တပ်ရှိတာမျိုး မရှိဘူး။ ဒါဟာ ကွဲပြားတဲ့ မြင်ကွင်းလို့ ပြောလို့ရတယ်’’ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂအ ဖွဲ့မှကိုစည်သူမောင်က ပြောသည်။

မကြာမီ အတည်ပြုတော့ မည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကွန်ရက် (NNER) ကလည်း ကန့်ကွက်ထားသည်။

7Day News Journal 

No comments:

Post a Comment