address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 9, 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု ထူးခြားမှု မရှိသေး၊ အစိုးရက စစ်ဆေးမည် ဆိုသည့် သတင်းများ မမှန်ဟုဆို



  
9.9.2014

လွန်ခဲ့သော တစ်လခန့်မှ စတင်ကာ ပြည်သူများအကြားတွင် ဟိုလေးတကျော်ကျော် ဖြစ်ခဲ့သော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုမှာ သတ်မှတ်ရက်ထက် ၁၂ ရက် ပိုပြီး ရှာဖွေနေသည့်တိုင် ထပ်မံထူးခြားမှု မရှိသေးကြောင်း အဆိုပါ ခေါင်းလောင်း ရှာဖွေရေး အဖွဲ့ဝင်များထံမှ စက်တင်ဘာလ ၇ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

လတ်တလော အနေအထားတွင် ဓမ္မစေတီ ခေါင်းလောင်းဟု ယူဆရသည့် နေရာရှိ ရွှံ့ နွံ၊ သဲနုန်းများကို သောင်တူးစက်ဖြင့် ဖယ်ရှားနေပြီး ခေါင်းလောင်းဟု ယူဆရသည့်အရာကို ဆိုင်းကြိုးများဖြင့် ချည်နှောင်နေဆဲ အဆင့်သာ ရှိသေးကြောင် ရှာဖွေရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးကြည်ဝင်းက ပြောဆိုသည်။

ယင်းခေါင်းလောင်းကြီးကို နေရာပြောင်းရွှေ့ သယ်ဆောင်သွားသည် ဆိုသည့် သတင်းများနှင့် အဆိုပါ ခေါင်းလောင်းကြီး ဟုတ်မဟုတ်ကို အစိုးရ တာဝန်ရှိသူများက စစ်ဆေးမည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ကောလာဟလတွေပါ။ အခုထိတော့ သင်္ဘောပေါ်မှာရှိတဲ့ ဦးစံလင်းကနေ ကျွန်တော့်ဆီကို ဘာမှ ထပ်ပြီး ဆက်သွယ် ပြောကြားတာ မရှိသေးဘူး။ ပြီးတော့ ရှာဖွေရေးအဖွဲ့တွေ ညဘက်မှ တိတ်တဆိတ် လုပ်ဆောင်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ညဘက်မှာ မီးမရှိ ဘာမရှိနဲ့ အလုပ်လုပ်လို့ မရပါဘူး၊ နေ့ဘက်မှာပဲ လုပ်ငန်း လုပ်ကြတာပါ” ဟု ဦးကြည်ဝင်းက The Voice သို့ ပြောဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို သုံးထပ်သင်္ဘောဖြင့် အခြားတစ်နေရာသို့ သယ်ဆောင်သွားပြီ ဆိုသည့် သတင်းများ ပြည်သူလူထုအတွင်း ပေါ်ထွက်ခဲ့သည့် အပြင် ယခုတွေ့ရှိထားသည့် အရာကို ဓမ္မစေတီခေါင်းလောင်း ဟုတ်မဟုတ် နိုင်ငံတော်က စစ်ဆေးမည်ဆိုသည့် ပြည်တွင်းသတင်းဂျာနယ် တစ်ခုတွင် ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး ဦးကြည်ဝင်းက ငြင်းဆို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခေါင်းလောင်းရှာဖွေမှုကို သြဂုတ်လ ၉ ရက်နေ့က စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၁၇ ရက်အကြာ၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသည့် အရာတစ်ခုကို တွေ့ရှိထားပြီဟု ကြေညာခဲ့ကာ ဆယ်ယူရေးအတွက် နောက်ထပ် ၁၇ ရက် ထပ်မံအချိန်ယူဦးမည် ဖြစ်ကြောင်း ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြောဆိုထားခြင်း ဖြစ်သည်။

ခေါင်းလောင်းကြီး တွေ့ရှိပြီဟု ကြေညာခဲ့သော်လည်း သေချာတိကျစွာ သတင်းမထုတ်ပြန်နိုင်ခြင်းကြောင့် ပြည်သူလူထုအတွင်း ဝေဖန်မှု အမျိုးမျိုး ပေါ်ထွက်နေပြီး ရှာဖွေနေသည့် နေရာကို လာရောက်ကြည့်ရှုသည့် လူဦးရေမှာလည်း လျော့ကျလာလျက် ရှိသည်။

မွန်ဘုရင် ဓမ္မစေတီမင်း သွန်းလုပ်လှူဒါန်းခဲ့ပြီး အလေးချိန် ပိဿာ တစ်သိန်းရှစ်သောင်း ရှိသည့် အဆိုပါဓမ္မစေတီ ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၆၀၈ နှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို (ခေါ်) ငဇင်ကာက သန်လျင်မြို့သို့ သယ်ဆောင်ရာတွင် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ပေါင်းဆုံရာ အရောက်တွင် ရေထဲသို့ ပြုတ်ကျခဲ့သည်ဟု သမိုင်းသုတေသီအချို့က ဆိုသည်။

မြန်မာ့နည်း မြန်မာ့ဟန်၊ နတ်နှင့် နဂါးအကူအညီများဖြင့် ရှာဖွေနေသော ဦးစံလင်း ခေါင်းဆောင်သည့် ရှာဖွေရေးအဖွဲ့က တွေ့ရှိထားသော ခေါင်းလောင်းဟု ယူဆရသည့် အရာသည် ဒုတိယကမ္ဘာစစ် အတွင်းက သင်္ဘောများ ချည်နှောင်ရာ ဗော်ယာတစ်ခု ဖြစ်နိုင်ကြောင်း ပညာရှင် အချို့ကလည်း ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment