address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 4, 2014

မဲဆောက်မြို့တွင် ဖမ်းဆီးခံရသည့် အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမား၇ဦး ပြန်လည်လွတ်မြောက်




4.9.2014

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် Silver & Gold Garment အထည်ချုပ် စက်ရုံမှ မြန်မာအလုပ်သမား ၇ဦးကို မြန်မာအလုပ်သမားသံအရာရှိနှင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိလူများက ကူညီပေး၍ စက်တင်ဘာ ၁ရက်နေ့၌ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ပြန်လည်လွတ်မြောက်လာသူများသည် Silver& Gold Garment အထည်ချုပ်စက်ရုံမှ အလုပ်သမား ခေါင်းဆောင်များ ဖြစ်ကြပြီး အထည်ချုပ်စက်ရုံ အလုပ်ပိုင်ရှင်က ၎င်းတို့ကို အလုပ်သမားလက်မှတ် မရှိဟု ဆိုတာ သြဂုတ် ၃၁ရက်နေ့၌ ထိုင်းရဲများမှတဆင့် ဖမ်းဆီးစေခဲ့ပြီးနောက် ယခုလို အကူအညီဖြင့် လွတ်မြောက် လာခြင်းဖြစ်သည်ဟု မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။

ဦးမိုးကြိုးက “မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနရယ်၊ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်ရယ်၊ ပူးပေါင်းပြီး တော့ မဲဆောက်ရဲစခန်း၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံး၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး အစိုးရဌာန ၃ခုကို သွားပြီး ဒီအလုပ်သမား ၇ယောက်ဟာ ဒါမတရားအဖမ်းခံရတဲ့ကိစ္စဖြစ်ကြောင်းကို သွားရောပြောပြပေးလိုက်ခဲ့ တယ်”ဟု ပြောသည်။

၎င်းအလုပ်သမား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များဖြစ်သည့် ရဲ၊ အလုပ်သမားဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိလူများမှ အလုပ်ရှင်အား ဆင့်ခေါ်သည့်အခါ အလုပ်ရှင်က တစုံတရာ ဝန်ခံမှု မရှိဘဲ အလုပ်သမားများကို ကောင်းကောင်းမွန်မွန်ပြန်လည်ထားရန်နှင့် ဖြတ်ထားသည့် လုပ်အားခများကိုလည်း ပြန်လည်ပေးသွားရန် ဝန်ခံကတိပေးခဲ့သည်ဟု ဦးမိုးကြိုးက ဆက်လက်ပြောသည်။

အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ယင်းအလုပ်သမားများမှာ ကိုနိုင်၊ ကိုမောင်ချမ်းသာ၊ ကိုထက်၊ မမြသီတာလွင်၊ မ၀ါဇင်၊ မအိအိထွန်း(ခ)မမျိုးနှင့် မဇင်မျိုးဝေ တို့ဖြစ်ကြကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူ ကိုမောင်ချမ်းသာက “ကျနော်တို့အလုပ်ရုံမှာက ဘတ်(အလုပ်သမားလက်မှတ်) မရှိတဲ့ လူတွေကိုပဲ ခန့်ထားတယ်။ အခု ကျနော်တို့အဖမ်းခံရတာက ဘတ်မရှိလို့ဆိုပြီး ဖမ်းတယ်။ ထွက်ချင် ရင်တော့ ထိုင်းဘတ်ငွေ ၁၅၀၀ နဲ့ ရွေးရမယ်လို့လည်း ပြောသွားတယ်။ ပြီးတော့ ကျနော်တို့ကို ဖမ်းပြီး စက်ရုံမှာ ကျန်တဲ့ အလုပ်သမားတွေကိုလည်း ခြိမ်းခြောက်တာ ရှိခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အလုပ်သမားပေါင်း ၁၀၀ ကျော် အလုပ်လုပ်နေသည့် Silver & Gold Garment အထည်ချုပ်စက်ရုံတွင် သြဂုတ် ၂၉ ရက်နေ့က အလုပ်သမားခေါင်းဆောင်၇ဦးကို အလုပ်ရှင်မှ အလုပ်ထုတ်ပယ်ခဲ့ပြီးနောက် ယင်းအလုပ်သမားများကိုယ်စား နောက်ထပ် တက်လာသည့် ၇ ဦးကို ၃၁ရက်နေ့၌ ထိုင်းရဲများမှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကေအိုင်စီ

No comments:

Post a Comment